နယူးကာဆယ်အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးဖြစ်သူ နစ်ပုတ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ရရှိသွားခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် လာမယ့် ၂၀၂၄ခုနှစ် ဧပြီလမှသာ ဘောလုံး ပြန်ကစားနိုင်တော့မယ်လို့ သိရှိရပါတယ်။

အသက် (၃၁)နှစ်အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဂိုးသမား နစ်ပုတ်ဟာ ဘန်လေကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်းကတည်းက နယူးကာဆယ်ရဲ့ အဓိက ဂိုးသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sports Mole

အခုတော့ နစ်ပုတ်ဟာ မန်ယူနိုက်တက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း ထိခိုက်မိရင်းနဲ့ ပခုံးအဆစ်လွဲ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ခွဲစိတ်မှုပါ ခံယူသွားရတော့မှာဖြစ်ပြီး ခွဲစိတ်မှုအပြီးမှာလည်း (၄)လခန့်လောက်အထိပါ အနားယူသွားရပါတော့မယ်။

ဒီလို အခြေအနေမှာ နယူးကာဆယ်ဟာ လာမယ့် ပွဲစဉ်တွေအတွင်း အရန် ဂိုးသမားတွေဖြစ်တဲ့ ဒူဗရက်ကာ နဲ့ ကာရီးယပ်စ်တို့ကိုသာ ဆက်လက် အသုံးပြုရဖွယ် ရှိနေပြီး ဒါက ပွဲကျပ်တွေ ဆက်တိုက် ဖြတ်သန်းရတော့မယ့် နယူးကာဆယ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Clutch Points

ဒါကြောင့်ပဲ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ မန်ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကို ပစ်မှတ်ထားလာခဲ့ပါတယ်။ စပိန် လက်ရွေးစင်ဟောင်း ဒီဂီယာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ထားရတာဖြစ်ပြီး လက်ရှိအချိန်ထိ free agent player ဖြစ်နေရပါတယ်။

အသက် (၃၃)နှစ်အရွယ် ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်အသင်းနဲ့အတူ ၂၀၁၁ခုနှစ်ကတည်းက ပရီးမီးယားလိဂ်မှာ စတင် ကျင်လည်ခဲ့တဲ့ ဝါရင့် ဂိုးသမားတစ်ဦးဖြစ်ပြီး နယူးကာဆယ်လည်း နစ်ပုတ် ဒဏ်ရာရရှိနေတုန်း ဒီဂီယာလို ထိပ်တန်း ဂိုးသမားတစ်ဦးကို အစားထိုးသွားချင်နေတာပဲ ဖြစ်ပါတယ်။