ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာက ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ အွန်လိုင်းပေါ် ကနေ ပိုကာ ရိုက်ရင်း ယူရို ၁သန်း အထိ ရှုံးသွားခဲ့ကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် အသင်းခေါင်းဆောင် နေမာက ပီအက်စ်ဂျီနဲ့ ဘရာဇီးလ်တို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသူပါ။

Photo Credit: Talksport

နေမာက ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ထားတာကြောင့် ယခုနှစ် ဘောလုံးရာသီကုန် အထိ အနားယူရဖို့ ရှိနေပြီး ဘောလုံးလောက ကနေ ခေတ္တ အနားယူနေချိန်မှာ နေမာဟာ သူ ဝါသနာပါတဲ့ အွန်လိုင်းဂိမ်းတွေ ၊  Streamingတွေ လုပ်ရင်းနဲ့ ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းနေခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksports သတင်းဌာနရဲ့ ဖော်ပြချက်အရ နေမာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Streaming တခု လုပ်ရင်း သူ့ရဲ့ ပရိသတ်တွေကို အွန်လိုင်း ပိုကာ ကစားပြခဲ့ရာ ယူရို ၁သန်း ရှုံးသွားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Talksport

နေမာဟာ သူ ထည့်ထားတဲ့ ယူရို ၁သန်းလုံးကို ၁နာရီ အတွင်းမှာ ကုန်သွားခဲ့တာ ဖြစ်ပြီး ယူရို ၁သန်း ရှုံးပြီးနောက် နေမာက ငိုမဲ့မဲ့ မျက်နှာလုပ်ပြကာ ပရိသတ်တွေကို စနောက်ခဲ့ပြီး သူဟာ သူ့ရဲ့ အံ့မခန်း ကစားကွက်ကြီးကို Youtubeပေါ် တင်မယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။