ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်သူ နေမာက ဆော်ဒီ နာမည်ကြီးကလပ် အယ် ဟီလယ်ရဲ့ လုပ်ခလစာမြင့် ကမ်းလှမ်းမှုကို ရရှိပြီးနောက် အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး နေမာက ၂၀၂၁ခုနှစ်ကမှ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း တိုးထားသူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ ကြားမှာ ရှိနေတဲ့ စာချုပ်က ၂၀၂၅ခုနှစ် ၊ ဇွန်လ ရောက်မှသာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

Photo Credit: Pulse Sports

စာချုပ်သက်တမ်း ၂နှစ် ကျန်နေသေးပေမယ့် ပီအက်စ်ဂျီက မကြာခဏဆိုသလို ဒဏ်ရာရလေ့ ရှိတဲ့ နေမာကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်ဖို့ စဉ်းစားထားပြီး နေမာကလည်း ပြီးခဲ့တဲ့ရာသီမှာ အသင်းပရိသတ်တွေရဲ့ ဆန့်ကျင် ဆန္ဒပြမှုကို ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းပြောင်းချင်နေပါတယ်။

ဒါပေမယ့် နေမာရဲ့ တန်ကြေးမြင့် ပြောင်းရွှေ့ကြေးနဲ့ မြင့်မားလှတဲ့ လုပ်ခလစာတို့ကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ဥရောပ အသင်းကြီးတွေ မရှိပဲ နေမာဟာ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်ပြောင်းဖို့ ကြိုးစားနေပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီက နေမာကို ခေါ်ယူဖို့ စိတ်ကူးမရှိပါဘူး။

Photo Credit: Mundo Deportivo

လက်ရှိမှာတော့ ဆော်ဒီထိပ်သီးကလပ် အယ် ဟီလယ်က နေမာကို ခေါ်ယူဖို့ ကြိုးစားနေပြီး အယ် ဟီလယ်က နေမာအတွက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် ပေးချေဖို့ အဆင်သင့် ရှိနေသလို နေမာကိုလည်း တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်း နီးပါး ပေးမယ်လို့ မက်လုံးပေးထားပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နေမာရဲ့ ကိုယ်စားလှယ်တွေက အယ် ဟီလယ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး နေမာက အယ် ဟီလယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် မကြာခင်မှာ သဘောတူညီမှု တခု ရယူနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။