ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ နေမာဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားရင် လက်ရွေးစင်အသင်း ကနေ အနားယူဖွယ် ရှိနေကြောင်း နေမာရဲ့ လက်ရွေးစင် အသင်းဖော် တဦး ဖြစ်သူ ရိုဒရီဂိုက ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး နေမာက လက်ရှိ ဘရာဇီးလ်မျိုးဆက်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသလို သူက ဘရာဇီးလ်အသင်း အတွက် စုစုပေါင်း ၁၁၉ပွဲ ကစားပေးထားရာ သွင်းဂိုး ၇၄ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

နေမာဟာ ဆယ်ကျော်သက် အရွယ်ထဲက ဘရာဇီးလ်အသင်း အတွက် ပါဝင် ကစားပေးခဲ့တာ ဖြစ်ပြီး ဘရာဇီးလ်နဲ့အတူ ကွန်ဖက်ဒရေးရှင်း ဆုဖလား တကြိမ် ၊ အိုလံပစ် ရွှေတံဆိပ် တကြိမ် ရထားသလို သူကသာ နောက်ထပ် သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ရင် ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီကို ကျော်ဖြတ်ကာ ဘရာဇီးလ်အသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ိဖု့လည်း ရှိနေပါတယ်။

နေမာက ဘောလုံးသမား တဦးရဲ့ အကောင်းဆုံးအချိန်လို့ ပြောနိုင်တဲ့ အရွယ်ကို ရောက်နေတာကြောင့် ဘရာဇီးလ်ပရိသတ် အများအပြားက နေမာဟာ နောက်ထပ် ၃နှစ် ဝန်းကျင် လက်ရွေးစင်အသင်း အတွက် ပါဝင် ကစားပေးလိမ့်မယ်လို့ တွက်ဆထားကြပေမယ့် နေမာကတော့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားရင် ဘရာဇီးလ်အသင်း ကနေ အနားယူဖို့ စဉ်းစားနေကြောင်း နေမာနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။

 

Photo Credit: Standard

နေမာရဲ့ လက်ရွေးစင် အသင်းဖော် တဦး ဖြစ်သူ ရီးရဲလ်မက်ဒရစ် တောင်ပံတိုက်စစ် ကစားသမား ရိုဒရီဂိုကလည်း နေမာဟာ မကြာခင်မှာ လက်ရွေးစင် ကစားသမားဘဝကို စွန့်လွှတ်တော့မယ်လို့ သူ့ကို ပြောကြားခဲ့ကြောင်းနဲ့ နေမာက ကျောနံပါတ်၁၀ကို သူ့ဆီ လွှဲပေးချင်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရိုဒရီဂိုက – “နေမာဟာ ကျွန်တော့်ကို သူ လက်ရွေးစင်အသင်း ကနေ အနားယူဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ ကျောနံပါတ်၁၀က ကျွန်တော့်အတွက်ပဲလို့ ပြောခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ စကားတွေကို ဘယ်လို တုံ့ပြန်ရမလဲ မသိလို့ ရယ်ပဲ ရယ်နေမိခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို နောက်ထပ် အချိန်ကြာကြာ ထပ်ကစားဖို့နဲ့ ကျွန်တော်က ကျောနံပါတ်၁၀ကို အခု မယူချင်သေးဘူးလို့ ပြန်ပြောခဲ့ပါတယ်။ သူကလည်း အဲ့ဒီစကားကို ကြားရော ထရယ်တော့တာပဲ” လို့ ပြောကြားရင်း သူနဲ့ နေမာတို့ ကြားထဲမှာ ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည် ဖောက်သည်ချသွားခဲ့တာပါ။