ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေဈေးကွက်ထဲမှာ ဝုလ်ဗ်ကြယ်ပွင့် နက်တိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဆော်ဒီတော်ဝင်မိသားစုက နယူးကာဆယ်ကို ဝယ်ယူပြီးနောက် နယူးကာဆယ်ကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာအောင် တည်ဆောက်နေပြီး အိုင်ဆက် ၊ ဘရူနို ဂွီမာရေးစ် ၊ ဂေါ်ဒွန် ၊ တိုနယ်လီ ၊ ဘော့တ်မန်း စတဲ့ ထိပ်တန်း ကစားသမားတွေကို တခြား အသင်းကြီးတွေနဲ့ ယှဉ်ပြိုင်ကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Goal

နယူးကာဆယ်က အရည်အသွေးမြင့် ကစားသမားကောင်းတွေ ပိုင်ဆိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်လာခဲ့ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ချယ်လ်ဆီး ၊ လီဗာပူး ၊ စပါး စတဲ့ နာမည်ကြီး အသင်းတွေကို ကျော်ဖြတ်ကာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ ထိပ်တန်း ကစားသမားတွေကို ဆက်လက် ခေါ်ယူကာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ထပ်လုပ်ဖို့ ဆုံးဖြတ်ထားပြီး နယူးကာဆယ်ရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ဝုလ်ဗ်နဲ့အတူ တောက်ပနေတဲ့ နက်တိုပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailသတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က နက်တိုကို သူတို့ရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး နယူးကာဆယ်ဟာ နက်တိုကို လီဗာပူး ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေအား ကျော်ဖြတ်ကာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရှိရပါတယ်။

နက်တိုက ယခုနှစ် ဘောလုံးရာသီမှာ ဝုလ်ဗ်အတွက် ပြိုင်ပွဲစုံ ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်ပြီး ဝုလ်ဗ်ကတော့ နက်တိုရဲ့ တန်ကြေးကို ပေါင် ၆၀သန်း သတ်မှတ်ထားပါတယ်။