နယူးကာဆယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ရိုးမားအသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ရိုမယ်လ်လူ လူကာကူကိုပါ ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နယူးကာဆယ်က အသင်းတိုက်စစ်မှာ အီဆက်ခ် နဲ့ ဝီလ်ဆင်တို့ ရှိနေပေမယ့်လည်း အခု ဆောင်းဈေးကွက်ထဲမှာပဲ တိုက်စစ်မှူးတစ်ဦး အားဖြည့်သွားဖို့ ချိန်ရွယ်နေသလို လာမယ့်နွေမှာပါ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကိုပါ အလိုရှိလာခဲ့ပါတယ်။

Photo Credit : Eurosport

ဒီအတွက်ကြောင့် နယူးကာဆယ်က မန်ယူနိုက်တက် ချယ်လ်ဆီး အဲဗာတန် ဝက်စ်ဘရွန်းတို့နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူကို ခေါ်ယူချင်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ လူကာကူက ချယ်လ်ဆီးကနေ ရိုးမားအသင်းဆီမှာ တစ်ရာသီ အငှားနဲ့ လာရောက် ကစားနေရပြီး ဒီရာသီထဲ ရိုးမားအတွက် ပြိုင်ပွဲစုံ (၁၆)ပွဲ ကစားပေးထားရင်းနဲ့ သွင်းဂိုး (၁၀)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Sporting Life

အသင်းမှာ ဂိုးတွေ သွင်းယူပြီး ခြေစွမ်းပြနေတဲ့ လူကာကူကို အငှားသက်တမ်း ပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူဖို့ ရိုးမားအသင်းဘက်က ပြင်ဆင်နေတုန်း ခု နယူးကာဆယ်ကလည်း ရိုးမားနဲ့အပြိုင် လူကာကူကို ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ချင်နေပါတယ်။

ချယ်လ်ဆီးကလည်း လူကာကူကို လာမယ့်နွေမှာ အပြီးသတ် ရောင်းချသွားဖို့ ဆန္ဒရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် (၃၈)သန်းနဲ့ ကမ်းလှမ်းလာမယ့် ဘယ်အသင်းကမဆို တစ်ခါတည်း အပြီးသတ် ရောင်းချသွားမှာ ဖြစ်ပါတယ်။