နယူးကာဆယ်အသင်းကတော့ သူတို့အသင်းရဲ့ လက်ရှိနည်းပြ အက်ဒီဟောင်းကို လက်လွတ်သွားရမယ်ဆိုရင် ချယ်လ်ဆီးနည်းပြဟောင်းဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲကြီး အပြီးမှာ နည်းပြရာထူးကနေ နုတ်ထွက်လိုက်ချိန်မှာ အင်္ဂလန်နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိနေတဲ့ နည်းပြတွေထဲ နယူးကာဆယ် နည်းပြဖြစ်သူ အက်ဒီဟောင်းလည်း ပါဝင်လာခဲ့ပြီး အက်ဒီဟောင်း ကိုယ်တိုင်ကပါ အင်္ဂလန်ကို ကိုင်တွယ်သွားဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit : GiveMeSport

ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းက နယူးကာဆယ်ကို ကိုင်တွယ်နေတာ ဖြစ်ပေမယ့်လည်း အခွင့်အရေးပေးလာမယ်ဆိုရင်တော့ အင်္ဂလန်နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်သွားချင်နေပြီး အက်ဒီဟောင်းဟာလည်း အင်္ဂလန်လူမျိုး ဖြစ်နေတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် အက်ဒီဟောင်းကို ဦးစားပေး စဉ်းစားဖွယ်လည်း ရှိန်ိုင်ပါတယ်။

တကယ်လို့ အက်ဒီဟောင်းသာ နယူးကာဆယ် နည်းပြရာထူးကို စွန့်ခွာသွားခဲ့မယ်ဆိုရင် ချယ်လ်ဆီး ပီအက်စ်ဂျီ စပါး ဆောက်သမ်တန်တို့ရဲ့ နည်းပြဟောင်းလည်းဖြစ် ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားသူလည်းဖြစ်တဲ့ နည်းပြ ပိုချက်တီနိုနဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။

Photo Credit : Goal

နယူးကာဆယ်ရဲ့ အားကစား ဒါရိုက်တာသစ် ပေါလ် မစ်ချယ်လ်ဟာ ပိုချက်တီနိုနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူဖြစ်ပြီး ဆောက်သမ်တန်အသင်းမှာ ကစားသမားသစ် ခေါ်ယူစုဆောင်းရေးအဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက ပိုချက်တီနိုနဲ့ လက်တွဲခဲ့ဖူးသလို စပါးအသင်းပါ မစ်ချယ်လ်နဲ့ ပိုချက်တီနိုက ထပ်မံ လက်တွဲဖြစ်ခဲ့ပြန်ပါတယ်။

ဒါကြောင့် နယူးကာဆယ်အနေနဲ အင်္ဂလန် နည်းပြရာထူးအတွက် အက်ဒီဟောင်းကိုသာ လက်လွတ်လိုက်ရမယ်ဆိုရင် ပိုချက်တီနိုကိုပဲ ဦးစားပေးအဖြစ် အစားထိုး ခန့်အပ်သွားဖို့ ရှိနေတာကြောင့် မစ်ချယ်လ်နဲ့ ပိုချက်တီနိုတို့ တတိယအကြိမ်အဖြစ် ပြန်လည် လက်တွဲခွင့်ရဖို့လည်း ရှိနေပါတယ်။ ဒါပေမယ့် အင်္ဂလန်နည်းပြသစ်အဖြစ် ရေပန်းစားနေတဲ့ နည်းပြတွေထဲမှာလည်း ပိုချက်တီနိုပါ ပါဝင်နေတာမို့ အင်္ဂလန်က ဘယ်နည်းပြကို ရွေးချယ်သွားမလဲ ဆိုတာကပါ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။