နယူးကာဆယ်အသင်းကတော့ လက်ရှိအချိန်မှာ ရလဒ်တွေ ဆိုးရွှားနေတာကြောင့် အသင်းနည်းပြ အက်ဒီဟောင်းကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် ရှိနေပြီး သူ့နေရာမှာ နည်းပြသစ်တစ်ဦးနဲ့ အစားထိုးဖို့ စတင် လှုပ်ရှားလာခဲ့ပါတယ်။

ကနဦးပိုင်းမှာတော့ နယူးကာဆယ်ဟာ ချယ်လ်ဆီး မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ နည်းပြဟောင်းကြီး ဂျိုဆေး မော်ရင်ဟိုနဲ့ အစားထိုးဖို့ စီစဉ်ထားပေမယ့်လည်း မော်ရင်ဟိုက ရိုးမားအသင်းနဲ့ပဲ ဆက်လက် လက်တွဲသွားဖို့ ရှိနေတဲ့အတွက် ပစ်မှတ်ပြောင်းလဲလာခဲ့ရပါတယ်။

Photo Credit : Football Espana

အခုတော့ နယူးကာဆယ်ဟာ ဒီရာသီ စပိန် လာလီဂါမှာ ဘာစီလိုနာ အသက်လက်တီကိုတို့ရဲ့ အထက်မှာ ရပ်တည်နေရင်း ရီးယဲလ်မက်ဒရစ်နဲ့ပါ ရမှတ်တူ ဖြစ်အောင် စွမ်းဆောင်ပေးထားတဲ့ ဂျီရိုနာ အသင်းနည်းပြ မီချယ် ဆန်းချက်ဇ်ကို မျက်စိကျလာခဲ့ပါတယ်။

အသက် (၄၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ စပိန် မထင်မရှား ဘောလုံးသမားဟောင်း ဆန်းချက်ဇ်ဟာ နည်းပြဘဝမှာလည်း မထင်မရှား အဖြစ်နဲ့သာ ကျင်လည်နေခဲ့ရပြီး ဗယ်လက်ကာနို ဟူဆကာတို့လို အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

Photo Credit : Football Espana

ဒါပေမယ့် ၂၀၂၁ခုနှစ်မှာပဲ ဂျီရိုနာအသင်းကို ကိုင်တွယ်ခဲ့ပြီးချိန်မှာတော့ ဆန်းချက်ဇ်ကို ဘောလုံးပရိသတ်တွေ အနည်းငယ် သတိထားလာမိပြီး ဆန်းချက်ဇ်ကလည်း သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ ဂျီရိုနာအသင်းကို လာလီဂါပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒီရာသီမှာဆိုရင်လည်း အမှတ်ပေးဇယားထိပ်က ရီးယဲလ်အသင်းနဲ့ ရမှတ်တူ အနေအထားအထိ ရောက်ရှိအောင် အသင်းကို အကောင်းဆုံး မောင်းနှင်ပေးနေတဲ့ နည်းပြဆန်းချက်ဇ်ကို ကလပ်အသင်းများစွာက စောင့်ကြည့်လာခဲ့ကြပြီး အဲ့ဒီထဲမှာမှ နယူးကာဆယ်က စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။