မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်အနေနဲ့ လက်ရှိ အခြေအနေတွေကြောင့် သူ့အရှေ့က နည်းပြတွေအတိုင်း အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့သွားရတော့မယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က အရိပ်အမြွက် ပြောဆိုလိုက်ပါတယ်။

တန်ဟက်ဂ်လက်ထက် ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဘယ်လိုမှ မထင်ထားလောက်အောင် အခြေအနေတွေ အတော်ဆိုးရွှားနေပြီး ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားထားပြီးချိန်မှာ ရှုံးပွဲ စုစုပေါင်းက (၈)ပွဲထိ ရှိထားခဲ့သလို လိဂ်ဖလားပြိုင်ပွဲကနေလည်း စောစောစီးစီးပဲ ထွက်ခွာထားခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေတွေကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နည်းပြဘဝ အနာဂတ်ဟာ တဖြည်းဖြည်းနဲ့ လှုပ်ခတ်လာခဲ့ရသလို အသင်းဘက်က ထောက်ခံမှုကို ရရှိထားသည့်တိုင် ပရိသတ် များစွာကတော့ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်စေချင်နေပါတယ်။

ဒီချိန်မှာ Pundit တစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ယူနိုက်တက် ကစားသမားဟောင်း နဗီးလ်က “မနေ့ညကဆိုရင် ယူနိုက်တက်ရဲ့ အိမ်မက်ကဇာတ်ရုံကြီးက ဘာမှမရှိတဲ့ ကဇာတ်ရုံကြီးအဖြစ် ပြောင်းလဲသွားသလိုပါပဲ။ ယူနိုက်တက် ပရိသတ်တိုင်းကလည်း အသင်းရဲ့ ကစားပုံကို စိတ်ဝင်စားမှု မရှိပဲ လှောင်ပြောင်နေကြပါတယ်။”

Photo Credit : Stretty News

“ကွင်းထဲက ကစားသမားတွေက တုန်လှုပ် ခြောက်ခြားစရာကောင်းတဲ့ အဆိုးရွှားဆုံး စွမ်းဆောင်မှုတွေ ပြသနေသလို နည်းပြဖြစ်သူက ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။ ဒီလို ဖြစ်ရပ်တွေကို ကျွန်တော်တို့ အရင်ကလည်း မြင်ခဲ့ဖူးပါတယ်။ နောက်ပြီး ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားမလဲ ဆိုတာကိုပါ ကျွန်တော်တို့ သိနေပါပြီ။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က မနှစ်က ဘောလုံးရာသီမှ အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် လိဂ်ဖလား ဆွတ်ခူပေးခဲ့ပြီး အဆင့်(၃)နေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ အသင်းက အတော်လေးကို အခြေအနေ ဆိုးရွှားလွန်းနေရပါတယ်။