အီတလီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ နာပိုလီက လာမယ့် ၂၄နာရီ အတွင်း သူတို့အသင်းရဲ့ နည်းပြချုပ် ရူဒီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦး ခေါ်ယူတော့မယ်လို့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နာပိုလီက ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းကို စီးရီးအေ ချန်ပီယံ ဖြစ်အောင် ကူညီပေးထားတဲ့ နည်းပြချုပ် စပယ်လက်တီနဲ့ လမ်းခွဲပြီးနောက် မာဆေးလ် ၊ လိုင်ယွန် ၊ ရိုးမား ၊ လိုင်လီ စတဲ့ ဥရောပ နာမည်ကြီး ကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ ရူဒီ ဂါစီယာကို ၃နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

ရူဒီ ဂါစီယာက ဆယ်စုနှစ် ၂စုကျော်ကြာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့တာကြောင့် အတွေ့အကြုံရင့် နည်းပြ တဦး ဖြစ်ပေမယ့် နာပိုလီကို ကိုင်တွယ်ချိန်မှာတော့ မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ မရခဲ့ပဲ အသင်းတွင်း စည်းလုံးမှုကလည်း ပြိုကွဲနေပါတယ်။

ဂါစီယာရဲ့ လက်အောက်မှာ နာပိုလီက ပြိုင်ပွဲစုံမှာ ၁၆ပွဲ ကစားခဲ့ရာ ၈ပွဲနိုင် ၊ ၄ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တခုကို ပိုင်ဆိုင်ခဲ့သလို စီးရီးအေ ပွဲစဉ်(၁၂) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာ အထိ ရောက်ရှိနေပြီး အဆင့်(၁)နေရာမှာ ရှိနေတဲ့ အင်တာမီလန်နဲ့ ရမှတ် ၁၀မှတ် အထိ ကွာဟနေခဲ့ပါတယ်။

Photo Credit: Football Italia

ဒါကြောင့်ပဲ နာပိုလီရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ စီးရီးအေချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အတွက် ဒီထက်ပိုပြီး အခြေအနေ မဆိုးရွားခင် ရူဒီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်ဖို့ ယမန်နေ့ညမှာပဲ ဆုံးဖြတ်လိုက်ကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီဘုတ်အဖွဲ့က ယမန်နေ့ညမှာပဲ ရူဒီ ဂါစီယာကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ကြပြီး လက်ရှိမှာ နာပိုလီဥက္ကဌ လော်ရန်းတစ်က ဂါစီယာရဲ့ နေရာကို အစားဝင်မယ့် နည်းပြတွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေကာ နာပိုလီဟာ ၂၄နာရီ အတွင်း ဂါစီယာကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်းအား တရားဝင် ထုတ်ပြန် ကြေညာမယ်လို့ သိရပါတယ်။