အီတလီ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံဖြစ်တဲ့ နာပိုလီအသင်းဟာ အက်စတွန် ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဒန်ဒွန်ကာကို ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှု ရရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

နာပိုလီက မနှစ်က ဘောလုံးရာသီမှာ စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ စီးရီးအေ ရာသီဝက်ကျော် ပွဲပေါင်း (၂၀)အထိ ကစားထားပြီးချိန်မှာတောင် အဆင့် (၉)နေရာထိတောင် ရောက်ရှိလို့နေပြီး ထိပ်ဆုံးနေရာက အင်တာနဲ့ပါ (၂၁)မှတ်ကြီးအထိ ကွာဟလို့နေပါတယ်။

Photo Credit : Villa News

ဒါပေမယ့် နာပိုလီဟာ Top 4 နေရာမှာ ရှိနေတဲ့ ဖီအိုရင်တီးနားအသင်းနဲ့ (၃)မှတ်သာ ကွာဟလို့နေတာကြောင့် စီးရီးအေ ချန်ပီယံဆုကို လက်လွတ်ရမယ် ဆိုရင်တောင် ချန်ပီယံလိဂ်ဝင်ခွင့် ရယူဖို့အတွက် အပြည့်အဝ တိုက်ပွဲဝင်သွားဖွယ် ရှိနေပါတယ်။

ဒါကြောင့်လည်း နာပိုလီအသင်းက အခု ဆောင်းဈေးကွက်ထဲမှာပဲ ကစားသမား ဖြည့်တင်းမှုတွေကို လုပ်ဆောင်လို့ထားပြီး လက်ရှိအချိန်ထိ ကစားသမားသစ် (၃)ဦးကို ခေါ်ယူထားတဲ့အပြင် အခုလည်း ဒန်ဒွန်ကာလို ပရီးမီးယားလိဂ်မှာ (၆)ရာသီလောက် ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားကိုပါ ထပ်မံ ခေါ်ယူနိုင်ပါတော့မယ်။

Photo Credit : The Athletic

အသက် (၂၈)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမား ဒန်ဒွန်ကာဟာ လက်ရှိ ဗီလာနည်းပြ အူနိုင်း အမ်မရီလက်ထက် အသင်းမှာ ပွဲကစားခွင့်တွေ ပျောက်ဆုံးလို့နေပြီး ဒီရာသီမှာလည်း ဗီလာအတွက် ပွဲအနည်းငယ်လေးသာ ကစားခွင့်ရခဲ့ပါတယ်။

ဒါကြောင့် ဒန်ဒွန်ကာက အခုဈေးကွက်ထဲမှာပဲ ဗီလာကနေ ထွက်ခွာချင်ခဲ့တာဖြစ်ပြီး အခုလည်း သူ့ကို နာပိုလီက ရာသီကုန်အထိ အငှား + အငှားသက်တမ်း ပြည့်ချိန်မှာ ယူရို (၉)သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ကမ်းလှမ်းချက်တို့နဲ့ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။