အီတလီ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ နာပိုလီရဲ့ ဥက္ကဌ ဖြစ်သူ ဒီလော်ရန်းတစ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကသာ ယခုနှစ် ဘောလုံးရာသီ မကုန်မီ စာချုပ်သစ် မချုပ်ဆိုခဲ့ရင် အိုဆီမန်ကို ရောင်းချဖို့ ဝန်လေးနေမှာ မဟုတ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆီမန်က ၂၀၂၀ခုနှစ်မှာ လိုင်လီ ကနေ နာပိုလီထံ ပြောင်းရွှေ့ပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ အသင်းကို စီးရီးအေ ချန်ပီယံ ဖြစ်အောင်ပါ ကူညီထားပါတယ်။

Photo Credit: Sports Central

ဗစ်တာ အိုဆီမန်က ၃နှစ်တာ ကာလအတွင်းမှာ နာပိုလီအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အိုဆီမန်က နာပိုလီနဲ့အတူ သူမတူတဲ့ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာကြောင့် ဥရောပရဲ့ ထိပ်သီးအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး နာပိုလီကလည်း သူတို့ရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်ကို အသင်းမှာ ကာလရှည် ဆက်ထိန်းထားနိုင်ဖို့ အတွက် စာချုပ်သစ် ထပ်ချုပ်ချင်နေပါတယ်။

Photo Credit: Goal

အိုဆီမန်နဲ့ နာပိုလီတို့ရဲ့ ကြားထဲမှာ စာချုပ်သစ် အတွက် နှုတ်ကတိ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့လမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တချို့ကြောင့် အိုဆီမန်က နာပိုလီနဲ့ စာချုပ်သစ် ချုပ်မယ့်ကိစ္စကို ရွှေ့ဆိုင်းထားပြီး နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်ကတော့ အိုဆီမန်ကို စာချုပ်သစ် အမြန် ချုပ်ဖို့နဲ့ ရာသီကုန်တဲ့အထိ စာချုပ်သစ်မှာ လက်မှတ်မထိုးရင် ရောင်းထုတ်မယ်လို့ သတိပေးလိုက်ပါတယ်။

ဒီလော်ရန်းတစ်က – “ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကျွန်တော်တို့က အိုဆီမန်နဲ့ စာချုပ်သစ် အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။ တကယ်လို့ သူ့ဘက်က သဘောထား ပြောင်းခဲ့မယ် ဆိုရင်လည်း ကျွန်တော်တို့က ဘဝကို ရှေ့ဆက်သွားရပါမယ်။ အိုဆီမန်ရဲ့ စာချုပ်က ၂၀၂၅ခုနှစ်မှ သက်တမ်း ကုန်မှာပါ။ ဒါကြောင့် အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် တခုတော့ အမှတ်ရစေချင်ပါတယ်။ ကျွန်တော်က ကူဘီဘလီကို စာချုပ်သက်တမ်း ကုန်ဖို့ ၁နှစ်ပဲ လိုတော့တဲ့ အချိန်မှာ ရောင်းထုတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။