အီတလီ စီးရီးအေ ထိပ်သီးကလပ် နာပိုလီက သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် အူဒီးနိစ်ရဲ့ အဓိက ကွင်းလယ်လူ စမာဒီဇစ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေသလို စမာဒီဇစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လက်ရွေးစင် လူငယ် ကွင်းလယ်ကြယ်ပွင့် စမာဒီဇစ်က ၂၀၂၁ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ အူဒီးနိစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အူဒီးနိစ်ထံ ရောက်ရှိပြီးနောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Football Italia

စမာဒီဇစ်က ၂နှစ်ခွဲ ကာလအတွင်းမှာ အူဒီးနိစ်အတွက် ပြိုင်ပွဲစုံမှာ ၈၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိခဲ့ပြီး သူ့ရဲ့စာချုပ်ကတော့ ၂၀၂၆ခုနှစ် ရောက်မှ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

စမာဒီဇစ်က ကွင်းလယ်တိုက်စစ် ၊ ဗဟိုကွင်းလယ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ အကောင်းဆုံး ကစားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ နေရာစုံ ကစားနိုင်မှုနဲ့ အလားအလာရှိမှုတို့ကြောင့် နာပိုလီက သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် စမာဒီဇစ်ကို ခေါ်ယူ အားဖြည့်ချင်နေတာပါ။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နာပိုလီက သူတို့ရဲ့ ကွင်းလယ်လူ အယ်လ်မက်စ်ကို လိုက်ပ်ဇစ်ထံ ရောင်းချပြီးနောက် အယ်လ်မက်စ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် စမာဒီဇစ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း သိရပါတယ်။

နောက်ထပ် အီတလီ နာမည်ကြီး သတင်းထောက် ရှခီယာကလည်း နာပိုလီဟာ စမာဒီဇစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို နာပိုလီဟာ စမာဒီဇစ်ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြထားပါတယ်။