သူတို့ နာပိုလီအသင်းဟာ မကြာသေးခင်ကမှ ရိုးမားအသင်းနဲ့ လက်တွဲဖြုတ်လိုက်ရတဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုနဲ့ ဆက်သွယ်ထားခြင်း ဆွေးနွေးမှုတွေ ပြုလုပ်ထားခြင်း လုံးဝမရှိကြောင်း နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

မနေ့ကမှ အသက် (၆၁)နှစ်ပြည့်မြောက်ထားတဲ့ ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟိုဟာ သိပ်မကြာသေးခင်က ရိုးမားအသင်းကနေ ထုတ်ပယ်ခံရပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဒီလို အသင်းလက်မဲ့ ဖြစ်သွားပြီး နာရီပိုင်းအတွင်းမှာ မော်ရင်ဟို အေးဂျင့်က နာပိုလီနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။

Photo Credit : CNN

မော်ရင်ဟိုက သူရဲ့ သက်တမ်းတစ်လျှောက်မှာ ပေါ်တို ချယ်လ်ဆီး အင်တာ ရီးယဲလ် မန်ယူနိုက်တက် စပါး နဲ့ ရိုးမားအသင်းတို့ကို ကိုင်တွယ်ခဲ့ပြီး စပါးတစ်သင်းတည်းမှာပဲ ဆုဖလား မရရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ ကလပ်အသင်းတွေမှာတော့ ဆုဖလား အောင်မြင်မှုတွေ အသီးသီး ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒီလို အောင်မြင်မှုတွေ တသီကြီး ရရှိခဲ့တဲ့ ဝါရင့် နည်းပြကြီး မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတဲ့ ကလပ်အသင်းတွေက အများအပြား ဖြစ်နေသလို သူ့အေးဂျင့်ဖြစ်သူကလည်း နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ အခြေအနေရှိနေတဲ့ အသင်းတွေထံ ဆက်သွယ်မှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

Photo Credit : Spazio Napoli

ရိုးမားနဲ့ မော်ရင်ဟို လမ်းခွဲပြီးနောက်မှာ မော်ရင်ဟိုက သူ့အသင်းဟောင်းတွေဖြစ်တဲ့ ပေါ်တို ချယ်လ်ဆီးတို့အပြင် နယူးကာဆယ် အယ်လ်ရှာဘတ် နဲ့ နာပိုလီအသင်းတွေနဲ့ပါ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်ခဲ့ပါသေးတယ်။

မော်ရင်ဟိုနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ခြင်းအပေါ် နာပိုလီ ဥက္ကဌ ဒီလော်ရန်းတစ်ဇ်က “ဂျိုဆေး မော်ရင်ဟိုက ကျွန်တော်တို့ရဲ့အစီအစဉ်တွေထဲမှာ ပါဝင်နေခြင်း မရှိသလို သတင်းတွေ ထွက်နေသလို ဆွေးနွေးမှုတွေ ဆိုတာလည်း လုံးဝ မရှိခဲ့ပါဘူး။ နောက်ပြီး သူရဲ့ အနာဂတ်ကလည်း အီတလီမြေမှာ ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။