ဂျာမဏီဘောလုံးအသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နာဂယ်စမန်းက သူဟာ ယူရို ၂၀၂၄ပြိုင်ပွဲ ပြီးဆုံးရင် ဂျာမဏီအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားထားတာကြောင့် သူ ထပ်မံ ကိုင်တွယ်မယ့် အသင်းသစ်ကို ယူရို ၂၀၂၄ပြိုင်ပွဲ မစခင်မှာပဲ ရွေးချယ်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ်သာ ရှိသေးတဲ့ ဂျာမဏီလူမျိုး လူငယ်နည်းပြ နာဂယ်စမန်းက အသက်ငယ်ပေးမယ့် အရည်အချင်း ပြည့်ဝတဲ့ နည်းပြတဦး ဖြစ်ပြီး သူဟာ ဟော့ဖန်ဟိမ်း ၊ လိုက်ပ်ဇစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေမှာ အောင်မြင်မှုတွေ အလီလီ ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဂျာမဏီဘောလုံးအဖွဲ့ချုပ်က နာဂယ်စမန်းကို လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး နာဂယ်စမန်းကလည်း ဘိုင်ယန်မြူးနစ် ကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်ခွာခဲ့ရပြီးနောက် အသင်းသစ် ရှာမတွေ့သေးတာကြောင့် ဂျာမဏီဘောလုံးအဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

နာဂယ်စမန်းက ဂျာမဏီအသင်းရဲ့ နည်းပြချုပ် ဖြစ်လာခဲ့ပေမယ့် အခြားနည်းပြတွေလိုမျိုး ၂နှစ်စာချုပ် ၊ ၃နှစ်စာချုပ်တွေနဲ့ ပူးပေါင်းခဲ့တာ မဟုတ်ပဲ ယူရို ၂၀၂၄ပြိုင်ပွဲ တခုထဲ အတွက်သာ ယာယီ ပူးပေါင်းခဲ့တာ ဖြစ်တာကြောင့် ယူရို ၂၀၂၄ပြိုင်ပွဲ ပြီးသွားရင် ဂျာမဏီအသင်း ကနေ နုတ်ထွက်ဖို့လည်း စဉ်းစားထားပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ လီဗာပူးနဲ့ ဂျာမဏီဒေသတွင်း အင်အားကြီးကလပ် ဒေါ့မွန်တို့က နာဂယ်စမန်းကို သူတို့အသင်းတွေရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြပြီး နာဂယ်စမန်းကတော့ သူဟာ ကမ်းလှမ်းမှု အားလုံးကို လက်ခံ စဉ်းစားကာ သူ့အတွက် အကောင်းဆုံး ဖြစ်မယ့် အသင်းနဲ့ ယူရို ၂၀၂၄ပြိုင်ပွဲ မစခင်မှာပဲ စာချုပ် ချုပ်ဆိုသွားမယ်လို့ ဆိုလာပါတယ်။

နာဂယ်စမန်းက – “တကယ်လို့ ကျွန်တော်ကသာ ကျွန်တော် ကျေနပ်တဲ့ ကမ်းလှမ်းမှုမျိုး ရခဲ့ရင် ယူရို ၂၀၂၄ပြိုင်ပွဲ မစခင်မှာပဲ အဲ့ဒီအသင်းနဲ့ စာချုပ် ချုပ်ဆိုသွားဖို့ စဉ်းစားထားပါတယ်။ ဒါပေမယ့် အခုချိန်အထိ ကျွန်တော့်ဆီ တရားဝင် ကမ်းလှမ်းမှုတွေ မရောက်လာသေးပါဘူး။ ဆွေးနွေးမှု တချို့ ရှိနေပေမယ့် ဘယ်အသင်းနဲ့မှ တရားဝင် ဆွေးနွေးတဲ့အဆင့် အထိ မရောက်သေးပါဘူး။ ဒါကြောင့် ကျွန်တော်က အသင်းအားလုံးကို လမ်းဖွင့်ထားပါတယ်။ လောလောဆယ်မှာတော့ ယူရိုပြိုင်ပွဲ အတွက် အာရုံစိုက်ပါဦးမယ်” လို့ ပြောကြားသွားခဲ့တာပါ။