ဂျာမဏီအသင်းရဲ့ ယာယီနည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နစ်ဂယ်စမန်းက ၂၀၂၄ ယူရိုပြိုင်ပွဲ အပြီးမှာ ဂျာမဏီအသင်းကို စွန့်ခွာပြီးရင် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီလာနေးက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဂျာမန်နည်းပြ နစ်ဂယ်စမန်းက ဟော့ဖန်ဟိမ်း ၊ လိုက်ပ်ဇစ် ၊ ဘိုင်ယန်မြူးနစ် စတဲ့ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နာမည်ကြီးနည်းပြ ဖြစ်ပြီး သူက စက်တင်ဘာလ ၂၂ရက်နေ့ ၊ ၂၀၂၃ခုနှစ်မှ စတင်ကာ ဂျာမဏီအသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေပါတယ်။

Photo Credit: Goal

ဂျာမဏီအသင်းက နစ်ဂယ်စမန်းကို ယူရို ၂၀၂၄ပြိုင်ပွဲ အပြီး အထိသာ စာချုပ် ချုပ်ဆိုထားတာကြောင့် နစ်ဂယ်စမန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲသည်ဖြစ်စေ ၊ မစွဲသည်ဖြစ်စေ ဂျာမဏီအသင်းကို စွန့်ခွာမှာ ဖြစ်ပြီး လက်ရှိမှာတော့ နစ်ဂယ်စမန်းရဲ့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်က နစ်ဂယ်စမန်းကို သူတို့ရဲ့ နည်းပြအဖြစ် ပြန်လည် ခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

တဖက်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က နယ်သာလန်နည်းပြ အဲရစ် တန်ဟက်ဂ်ကို ပိုင်ဆိုင်ထားပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေသလို တန်ဟက်ဂ် ခေါ်ယူထားတဲ့ ကစားသမားတွေက မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်တာကြောင့် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOSက ရာသီကုန်ချိန်မှာ တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦး ခေါ်ယူ ခန့်အပ်ဖို့ စဉ်းစားနေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ မီဂွယ် ဒီလာနေးရဲ့ ဖော်ပြချက်အရ နစ်ဂယ်စမန်းဟာ ၂၀၂၄ ယူရိုပြိုင်ပွဲ ပြီးသွားရင် မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်က နစ်ဂယ်စမန်းကို ခေါ်ယူမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ နစ်ဂယ်စမန်းဟာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေကြောင်း သိရှိရပါတယ်။

နစ်ဂယ်စမန်းက သူဟာ ငယ်စဉ်တုန်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို မလွတ်တမ်း ကြည့်ရှု အားပေးခဲ့ကြောင်း တရားဝင် ထုတ်ပြောဖူးသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က နစ်ဂယ်စမန်းကို ခေါ်ယူချင်ရင် ဘိုင်ယန်မြူးနစ်ထံ နစ်နာကြေး ယူရို ၅သန်းနဲ့ ၁၀သန်းကြား ပမာဏ တရပ် ပေးချေရဖွယ် ရှိပါတယ်။