ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ နည်းပြချုပ် ဖြစ်သူ နစ်ဂယ်စမန်းက ယမန်နေ့ မနက်အစောပိုင်းမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ အကောင်းဆုံး လူငယ်ကစားသမားဆုကို ရသွားတဲ့ ဘာစီလိုနာ လူငယ်ကြယ်ပွင့် ဂါဗီဟာ အကောင်းဆုံး လူငယ်ဆုနဲ့ ထိုက်တန်သူ မဟုတ်ပဲ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် မူစီအာလာနဲ့ ဒေါ့မွန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်တို့ နှစ်ဦးထဲက တဦးကသာ အဲ့ဒီဆုနဲ့ ထိုက်တန်တာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဂါဗီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၄၆ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: SPORT

တဖက်မှာတော့ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် လူငယ်ကြယ်ပွင့် မူစီအာလာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ရရှိခဲ့ကာ ဒေါ့မွန်နဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့သလို ၁၁ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ် နည်းပြဖြစ်သူ နစ်ဂယ်စမန်းက ရွှေဘောလုံးဆုပေးပွဲရဲ့ အကဲဖြတ်သူတွေရဲ့ ဘယ်လင်ဟမ်နဲ့ မူစီအာလာကို ကျော်ပြီး ဂါဗီကို အကောင်းဆုံး လူငယ်ကစားသမားဆု ပေးအပ်ခဲ့မှုအား ဝေဖန်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အမြင်မှာ ဘယ်လင်ဟမ်နဲ့ မူစီအာလာတို့ နှစ်ဦးထဲက တဦးကသာ ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့သင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: SPORT

နစ်ဂယ်စမန်းက – “ကျွန်တော့်ရဲ့ အမြင်မှာတော့ မူစီအာလာနဲ့ ဘယ်လင်ဟမ်တို့ နှစ်ယောက်လုံးက ပြီးခဲ့တဲ့နှစ်မှာ ဂါဗီထက် ပိုကောင်းတဲ့ ဘောလုံးရာသီတွေကို ပိုင်ဆိုင်ခဲ့ကြသူတွေပါ။ ဂါဗီကလည်း တကယ်ကို တော်တဲ့ ကစားသမား တယောက်ပါ။ ဒါကြောင့် ကျွန်တော်က သူ့အတွက် ပျော်ပါတယ်။ ဒါပေမယ့် ဂါဗီက ကျွန်တော် ပြောခဲ့တဲ့ ၂ယောက်လောက် အကောင်းဆုံးဆုနဲ့ ထိုက်တန်မှု မရှိသေးပါဘူး။ အကဲဖြတ်တဲ့လူတွေက ကစားသမားတွေရဲ့ အသင်းကို ကြည့်ပြီး ဆုကို ရွေးချယ်ပေးခဲ့ပါပဲ” လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။