ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေက လာမယ့် ယူရို-၂၀၂၄ပြိုင်ပွဲကြီး မကျင်းပခင် သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့ အဖြေတစ်ခုကို ဆုံးဖြတ်ချက် ချမှတ်ရင်း ထုတ်ပြန်သွားမယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ အသင်းခေါင်းဆောင် အရေးအပါဆုံးသော ကစားသမား ဘာပေဟာ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်မှာ တစ်နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါရှိနေပေမယ့် အဲ့ဒီ option က ဘာပေရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်နေပါတယ်။

Photo Credit : Eurosport

ဘာပေကတော့ သိပ်မကြာသေးခင်ကပဲ အသင်းနဲ့ လုံးဝ စာချုပ်သက်တမ်း တိုးမြှင့်သွားတော့မှာ မဟုတ်ကြောင်းကို အတိအလင်း ထုတ်ပြန်ထားခဲ့ပြီး ပီအက်စ်ဂျီအနေနဲ့ကတော့ ဘာပေလို ကစားသမားမျိုးကို အသင်းကနေ အလွတ်နဲ့ လက်မလွတ်ရဖို့အတွက် နောက်ဆုံးအချိန်အထိ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

ဒါပေမယ့် ဘာပေက လာမယ့်နွေမှာ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ သေချာသလောက် ရှိနေပြီလို့ သတင်းတွေမှာ ဖော်ပြနေကြသလို ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာပေက “ယူရိုမတိုင်ခင်မှာ ကျွန်တော်ရဲ့အနာဂတ်အတွက် အဖြေရှာနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

Photo Credit : Fabrizio Romano

“ကျွန်တော်က အိုလံပစ်ပြိုင်ပွဲမှာလည်း အမြဲတမ်း ပါဝင်ယှဉ်ပြိုင်ချင်ခဲ့တာ။ အဲ့ဒီဆန္ဒကတော့ လုံးဝ ပြောင်းလဲသွားစရာ မရှိပါဘူး။ တကယ်လို့ ကျွန်တော်သာ အိုလံပစ်မှာ ကစားခွင့် ရမယ်ဆိုရင် ဒါက အိမ်မက်တစ်ခုလို ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ကို ခွင့်မပြုရင် ကျွန်တော် ပြောတဲ့အတိုင်းလုပ်မှာ။”

“ကျွန်တော် တစ်ခုခုကို ထုတ်ပြန် ကြော်ငြာဖို့ ရှိလာခဲ့ရင် ကျွန်တော် လူကြီးလူကောင်းပီသစွာနဲ့ပဲ ထုတ်ပြန် အသိပေးမှုကို လုပ်ဆောင်သွားပါမယ်။” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာပေဟာ ပီအက်စ်ဂျီအသင်းအတွက်ကိုပဲ အာရုံစိုက်ထားလျက် ရှိနေပြီး ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အတွက်လည်း အသေအချာ ပြင်ဆင်လျက် ရှိနေပါတယ်။