ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ့် နည်းပြချုပ် သောမတ်စ် တူဟယ်လ်ရဲ့ နေရာအတွက် ဩစတီးယားအသင်းရဲ့ နည်းပြချုပ် ရန်းဂ်နစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တဲ့နောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး စပိန်နည်းပြ လိုပက်တယ်ဂီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ဘိုင်ယန်မြူးနစ်က ယခုနှစ် ဘောလုံးရာသီမှာ ဆယ်စုနှစ် တစုကျော် ရယူနိုင်ခဲ့တဲ့ ဘွန်ဒက်လီဂါချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို ဖလားလက်မဲ့ ဖြစ်ဖို့ ရာခိုင်နှုန်း များနေတာကြောင့် သောမတ်စ် တူဟယ်လ်နဲ့ ရာသီကုန်ချိန်မှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်မြူးနစ်က တူဟယ်လ်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ၊ နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဩစတီးယားနည်းပြ ရန်းဂ်နစ်တို့ကို ချိတ်ဆက်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် အလွန်ဆို ၊ နာဂယ်စမန်းနဲ့ ရန်းဂ်နစ်တို့ အားလုံးက ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ နည်းပြချုပ်ရာထူးကို လက်ခံမယ့် အခြားနည်းပြတွေကို လိုက်လံ ရှာဖွေနေပြီး လက်ရှိမှာ ဇီဒန်း ၊ ကွန်တီ ၊ မော်ရင်ဟို စတဲ့ ထိပ်သီးနည်းပြတွေက အသင်းလက်မဲ့ ဖြစ်နေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက အသင်းရဲ့ အဝတ်လဲခန်းထဲမှာ နည်းပြအရှိန်အဝါကို သုံးပြီး အုပ်ချုပ်မယ့် နည်းပြထက် အသင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တခု တည်ထောင်ကာ အသင်းကို မိသားစုလို ဦးဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ခေါ်ယူချင်နေတာကြောင့် ဇီဒန်း ၊ ကွန်တီနဲ့ မော်ရင်ဟိုတို့ကို ဆက်သွယ်မှုတွေ မလုပ်သေးပါဘူး။

Photo Credit: ESPN

နာမည်ကြီး ဂျာမန်သတင်းထောက် တဦး ဖြစ်သလို ဘိုင်ယန်မြူးနစ်နဲ့လည်း နီးစပ်တဲ့ ပလက်တန်ဘက်ခ်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဆီဗီးလားနည်းပြဟောင်း လိုပက်တယ်ဂီကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလာပြီး ဘိုင်ယန်မြူးနစ်က လိုပက်တယ်ဂီရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ စုံစမ်းမှုတွေပါ လုပ်ထားကြောင်း သိရှိရပါတယ်။

အသက် ၅၇နှစ် အရွယ် နာမည်ကြီး စပိန်နည်းပြ လိုပက်တယ်ဂီက ဆီဗီးလား ၊ ရီးရဲလ်မက်ဒရစ် ၊ ပေါ်တို ၊ ဝုလ်ဗ် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး လက်ရှိမှာ ဘိုင်ယန်မြူးနစ် အပြင် ဝက်စ်ဟမ်း ၊ အေစီမီလန် စတဲ့ အသင်းတွေကလည်း လိုပက်တယ်ဂီကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ လုပ်ထားတာကြောင့် လိုပက်တယ်ဂီက ဘယ်အသင်းဆီ ပြောင်းမလဲ ဆိုတာ စောင့်ကြည့်သွားရပါမယ်။