ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူူးနစ်က သူတို့ရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာ အတွက် ဂလာဘက်ရဲ့ ဂိုးသမား ဖြစ်သူ ဆွန်မာကို ခေါ်ယူရန် ဂလာဘက်နဲ့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က ဂျာမဏီလက်ရွေးစင် ဂိုးသမား ဖြစ်သူ နူအာကို ပိုင်ဆိုင်ထားပေမယ့် နူအာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ အပျော်ခရီး ထွက်ရင်း ကနေ ခြေထောက်ကျိုးသွားတာကြောင့် နူအာရဲ့ နေရာကို အစားဝင်နိုင်မယ့် ဂိုးသမား တဦးကို အလျင်စလို ရှာဖွေနေတာပါ။

Photo Credit: The Sun

တဖက်မှာလည်း အသက် ၃၄နှစ် အရွယ် ဆွစ်ဇာလန် ဂိုးသမား ဆွန်မာက ဂလာဘက်နဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့သလို ဆွန်မာက ဂလာဘက်နဲ့ စာချုပ်သက်တမ်း တိုးဖို့ ငြင်းဆန်ထားပါတယ်။

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်က တခြား ဂိုးသမားတွေထက် ဘွန်ဒက်လီဂါ အတွေ့အကြုံရင့်သလို လက်စွမ်းပါ ကောင်းမွန်နေသေးတဲ့ ဆွန်မာကို ခေါ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ဆွန်မာကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ ဘိုင်ယန်မြူးနစ်လို ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ ကစားချင်တာကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းပဲ လက်ခံခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဆွန်မာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ဆွန်မာရဲ့ အပြောင်းအရွှေ့ အတွက် ဂလာဘက်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ယနေ့မနက် အစောပိုင်းမှာပဲ ဘိုင်ယန်မြူးနစ်က ဆွန်မာကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၈.၅သန်း + အပိုဆုကြေး ယူရို ၁.၅သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။