ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေအတွက် မဲနှိုက်ရေးဆွဲမှုတွေ လုပ်ဆောင်ခဲ့ရာ အာဆင်နယ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ကွာတားဖိုင်နယ် ပွဲစဉ်(၁)အဖြစ် ထိပ်တိုက် တွေ့ဆုံနေခဲ့ရပါတယ်။

အာဆင်နယ်ရော ဘိုင်ယန်ရောပါ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပကျော့ပွဲစဉ်တွေထဲ ရှုံးပွဲ အသီးသီး ကြုံတွေ့ခဲ့ရပေမယ့် အိမ်ကွင်းမှာ ပြန်ကစားရတဲ့ ဒုကျော့ပွဲတွေမှာတော့ နိုင်ပွဲတွေ ရရှိခဲ့ရင်းနဲ့ အခုလို ထိပ်တိုက် တွေ့ဆုံဖို့ပါ အကြောင်းဖန်လာခဲ့ရပါတယ်။

Photo Credit : MSN

အာဆင်နယ်နဲ့ ဘိုင်ယန်တို့က ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ ဆုံတွေ့ခဲ့ဖူးသေးပြီး အဲ့ဒီတုန်းကတော့ ဘိုင်ယန်က အာဆင်နယ်ကို နှစ်ကျော့ပေါင်းရလဒ် (10-2) နဲ့ကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာက ဒီလို ရလဒ်မျိုး ထပ်မံ ဖြစ်ပေါ်လာဖို့က မဖြစ်နိုင်တော့ပေမယ့် ဘိုင်ယန်ရဲ့ ဝါရင့် ကစားသမားကြီး သောမတ်စ် မူလာကတော့ အာဆင်နယ်မှာ ပါဝင်နေတဲ့ သူရဲ့ လက်ရွေးစင် အသင်းဖော် ကိုင်းဟာဗက်ဇ်ကို စိန်ခေါ်တဲ့ ပုံစံနဲ့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : SPORTbible

“အာဆင်နယ်အသင်းနဲ့ ဆုံပါပြီ။ ငါ့သူငယ်ချင်းလေး ကိုင်းဟာဗက်ဇ်ရေ…ငါ မင်းကို စောင့်နေတယ်နော်။ ဒါက တကယ်ကိုကောင်းတဲ့ ရေးဆွဲမှုတစ်ခုပါ။ အရမ်းကောင်းတဲ့ အသင်းနှစ်သင်း။ အရမ်းမိုက်တဲ့ ဘောလုံးကွင်းကြီးနှစ်ကွင်း။ အရမ်းခမ်းနားတဲ့ မြို့နှစ်မြို့။”

“ဒီပွဲက ခက်ခဲလိမ့်မယ် ဆိုပေမယ့်လည်း ကျွန်တော်ကတော့ အကောင်းမြင်စိတ်ပဲ ထားပါတယ်။ မကြာခင် တွေ့ကြမယ် ဂန်းနားတို့ရေ” လို့ မူလာက သူရဲ့ တွစ်တာ စာမျက်နှာပေါ်ကနေ ရေးသား ဖော်ပြလိုက်ပါတယ်။ အာဆင်နယ်နဲ့ ဘိုင်ယန်တို့ဟာ လာမယ့် ဧပြီလ (၁၀)ရက်နေ့မှ အမ်းမရိတ်စ်ကွင်းမှာ စတင် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။