ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ မူဒရစ်က EA Sportsကုမ္ပဏီ ကနေ ထုတ်လုပ်ခဲ့တဲ့ FIFA 24ဂိမ်းထဲမှာ သူ့ရဲ့ Starting Ratingက ၇၅ပဲ ရှိခဲ့လို့ မကျေမနပ် ဖြစ်မိကြောင်း FIFA Rating Boxကို ဖွင့်ခဲ့တဲ့ အချိန်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

EA Sportsကုမ္ပဏီ ကနေ ထုတ်လုပ်တဲ့ FIFA ဘောလုံးဂိမ်းဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး ဘောလုံးဂိမ်း ဖြစ်ပြီး EA Sportsကုမ္ပဏီက နှစ်စဉ် နှစ်တိုင်း ဂိမ်းအသစ် တခုကို ထုတ်ကာ ကစားသမားတွေရဲ့ Ratingတွေကို Update လုပ်ပေးလေ့ ရှိပါတယ်။

Photo Credit: Goal

ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက် ကနေ ချယ်လ်ဆီးထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ မူဒရစ်ဟာ ပြီးခဲ့တဲ့နှစ်မှာ ထုတ်လုပ်ခဲ့တဲ့ FIFA23ဂိမ်းရဲ့ Rating အမြင့်ဆုံး ကစားသမားတွေထဲမှာ ပါခဲ့ပြီး မူဒရစ်ရဲ့ Ratingဟာ ၉၀အထိ ရှိခဲ့ပါတယ်။

ဒါပေမယ့် မူဒရစ်က ချယ်လ်ဆီးဆီ ရောက်အပြီးမှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့သလို ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၂၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၂ကြိမ်သာ ပြုလုပ်ပေးထားနိုင်ပါတယ်။

Photo Credit: Standard

 

ဒါကြောင့်ပဲ EA Sportsက မူဒရစ်ရဲ့ Ratingကို FIFA24ဂိမ်းထဲမှာ ၇၅အထိ လျှော့ချခဲ့တာ ဖြစ်ပြီး မူဒရစ်ကတော့ Rating အလျှော့ခံရလို့ မကျေမနပ် ဖြစ်နေပါတယ်။ သူ့ရဲ့ FIFA24 Ratingကတ်ကို မြင်လိုက်ရချိန်မှာ မူဒရစ်က – “အရိုးသားဆုံး ပြောရရင် ငါတော့ ဒီကတ်ကို သဘောမကျဘူး။ ဒီကတ်မှာ ပါတဲ့ Ratingတွေ အကုန်လုံးက မှားနေတယ်ကွ” ဆိုပြီး ပြောကာ သူ့ရဲ့ မကျေနပ်မှုတွေကို ဖွင့်ဟခဲ့တာပါ။

မူဒရစ်ရဲ့ Ratingကတ် အသစ်မှာ သူ့ရဲ့ Overall Ratingက ၇၅ ရှိခဲ့သလို Pace Rating ၉၁ ၊ Shooting Rating ၆၆ ၊ Passing Rating ၆၈ ၊ Dribbling Rating ၇၉ ၊ Defensive Rating ၄၄ ၊ Physical Rating ၅၈ အသီးသီး ရှိနေခဲ့တာကိုလည်း မြင်တွေ့ရပါတယ်။