ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ ကွင်းလယ်ဒိုင်တွေရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်နဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် အတော်လေးကို ပွဲဆူခဲ့ပြီး အသင်းကြီးတွေရဲ့ ပွဲစဉ်တွေမှာ ကွင်းလယ်ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေက အသင်းကြီးတွေကို အသာစီး ရစေခဲ့တယ် ဆိုတာကို သိသိသာသာ မြင်တွေ့ခဲ့ရပါတယ်။

အထူးသဖြင့် ချယ်လ်ဆီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဝက်စ်ဟမ်းရဲ့ ပွဲပြီးခါနီး ရရှိခဲ့တဲ့ ဒုတိယချေပဂိုးကို ပယ်ဖျက်ခဲ့တဲ့ ကွင်းလယ်ဒိုင် မက်ဒလေရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သူတွေ များပြားနေပြီး မက်ဒလေက ချယ်လ်ဆီးဂိုးသမား မန်ဒီရဲ့ ဟန်ဆောင် လှည့်ကွက်တွေ အောက်မှာ ကျဆုံးသွားခဲ့တယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

Photo Credit: Standard

ချယ်လ်ဆီး ၂-၁ ဝက်စ်ဟမ်း ပွဲစဉ်ရဲ့ ပွဲကစားချိန် ၈၉မိနစ် ဝန်းကျင် အရောက်မှာ  ဝက်စ်ဟမ်း တောင်ပံတိုက်စစ် ကစားသမား ဘိုဝင်နဲ့ ချယ်လ်ဆီးဂိုးသမား မန်ဒီတို့ဟာ ဘောလုံးယှဉ်လုခဲ့ကြပြီး ဘိုဝင်က မန်ဒီကို မထိခဲ့ပေမယ့် ဘောလုံးက မန်ဒီကို ထိကာ အပြင်ကို ပြန်အံထွက်လာခဲ့ပြီး အဆိုပါ ဘောလုံးကို ဝက်စ်ဟမ်းရဲ့ လူစားဝင် ကစားသမား ကော်နက်က ကန်သွင်းခဲ့ရာမှာ သွင်းဂိုး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ဒီက ဘိုဝင်နဲ့ ဘောလုံးယှဉ်လုချိန်မှာ ဒဏ်ရာရတဲ့ပုံစံ ဟန်ဆောင်ခဲ့ပြီး ကွင်းလယ်ဒိုင် မက်ဒလေနဲ့ VARဒိုင်ကလည်း ဘိုဝင်ဟာ မန်ဒီအပေါ် ပြစ်ဒဏ်ကျူးလွန်တယ်လို့ ယူဆခဲ့တာကြောင့် ဝက်စ်ဟမ်းရဲ့ ချေပဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ကွင်းလယ်ဒိုင် မက်ဒလေရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေ များပြားနေပြီး ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကတော့ မက်ဒလေနဲ့ VARဒိုင်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ VAR သမိုင်းမှာ အဆိုးဝါးဆုံး ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒီကလန်ရိုက်စ်က – “ကွင်းလယ်ဒိုင်က ဒီဖြစ်ရပ်ကို (မန်ဒီ လဲကျခဲ့တဲ့ ဖြစ်ရပ်) မော်နီတာ ကြည့်ပြီး ဆုံးဖြတ်ဖို့ မေးမြန်းခဲ့တာကို မယုံကြည်နိုင်ပါဘူး။ ပြီးတော့ ကွင်းလယ်ဒိုင်နဲ့ VARဒိုင်တို့က ဘာကြောင့် ဂိုးမပေးဖို့ ဆုံးဖြတ်လိုက်တာလဲ ဆိုတာကို လုံးဝ နားမလည်နိုင်ပါဘူး” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးကာ ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဝက်စ်ဟမ်းနည်းပြ ဖြစ်သူ မိုရက်စ်ကလည်း သူတို့အသင်းရဲ့ ဂိုးကို ခွင့်မပြုခဲ့တဲ့ ကွင်းလယ်ဒိုင် မက်ဒလေရဲ့ ဆုံးဖြတ်ချက်ကို “ကမ္ဘာ့အဆင့် ကွင်းလယ်ဒိုင် တယောက်ဆီကနေ ရလာတဲ့ အမှိုက်လို ဆုံးဖြတ်ချက်မျိုး” လို့ မှတ်ချက်ချ ဝေဖန်ထားပါသေးတယ်။