အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ရိုးမားဘုတ်အဖွဲ့ရဲ့ သူ့အပေါ် ကတိမတည်မှုတွေကြောင့် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရိုးမားကို စွန့်ခွာကာ သူ့ရဲ့ အသင်းဟောင်း ချယ်လ်ဆီးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အသက် ၆၀ ပြည့်သွားခဲ့တဲ့ ဝါရင့် ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ ဖြစ်သူ မော်ရင်ဟိုက လက်ရှိအချိန် အထိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၁၀ဦး စာရင်းထဲ ဝင်နေသူ ဖြစ်ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း ကျေညက်မှုနဲ့ ဆုဖလားတွေ အတွက် အာမခံချက်ရှိမှုတို့ကြောင့် ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို အဆက်မပြတ် ရရှိနေသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Mail

မော်ရင်ဟိုက သူ့ရဲ့ နည်းပြဘဝမှာ ပေါ်တို ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ အင်တာမီလန် ၊ မန်ချက်စတာ ယူနိုက်တက် ၊ စပါး ၊ ရိုးမား စတဲ့ ဥရောပရဲ့ ထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး စပါးနဲ့အတူ ဆုဖလား မရခဲ့ပေမယ့် ကျန်အသင်းတွေ အားလုံးနဲ့ ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုက ရိုးမားကို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ် ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် ရိုးမားဘုတ်အဖွဲ့ရဲ့ သူ့ကို လူအင်အား ဖြည့်တင်းပေးပါ့မယ် ဆိုတဲ့ ကတိကို မတည်ခဲ့မှုကြောင့် ရိုးမားကို စွန့်ခွာဖို့ စဉ်းစားနေပြီး မော်ရင်ဟိုဟာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ထားတဲ့ အသင်းဟောင်း ချယ်လ်ဆီးဆီ ပြန်လာကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ပြန်ယူဖို့ စိတ်ကူးရှိနေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

အမေရိကန် သန်းကြွယ်သူဌေး တော့ပ် ဘိုလေရဲ့ အုပ်ချုပ်မှုအောက်ကို ရောက်နေတဲ့ ချယ်လ်ဆီးက မကြာသေးမီကပဲ အင်္ဂလန်နည်းပြ ဖြစ်သူ ဂရေဟမ် ပေါ်တာကို ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူထားသလို ယခု ဘောလုံးရာသီ တခု အတွင်းမှာပဲ ကစားသမားသစ် ခေါ်ယူမှုတွေကို အဆက်မပြတ် လုပ်ဆောင်ထားပြီး ချယ်လ်ဆီးရဲ့ ဒီရာသီ အပြောင်းအရွှေ့ အသုံးစရိတ်ဟာ ပေါင် ၅၀၀သန်း နီးပါး ရှိနေခဲ့ပါပြီ။

ဒါကြောင့်ပဲ မော်ရင်ဟိုက သူ လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးနိုင်မယ့် ချယ်လ်ဆီးဆီ ပြန်လည် ပြောင်းရွှေ့ချင်နေတာ ဖြစ်ပေမယ့် ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ရင် ပေါင် ၄၀သန်း ဝန်းကျင် လျော်ကြေးပေးရဖို့ ရှိတာကြောင့် မော်ရင်ဟိုဟာ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာဖို့ ရာခိုင်နှုန်း အတော်လေး နည်းပါးနေပါတယ်။