အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ မော်ရင်ဟိုက သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပြီး ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဟော့ကင်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြ ၃ဦး အထိ အပြောင်းအလဲ လုပ်ခဲ့ရသလို ရလဒ်ကောင်းတွေလည်း မရခဲ့ပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံး ၁၀သင်း စာရင်းထဲတောင် မဝင်နိုင်သေးပါဘူး။

Photo Credit: Express

ဒါကြောင့်ပဲ ချယ်လ်ဆီးက လာမယ့် ဘောလုံးရာသီမှာ အသင်းကို အကောင်းဆုံး ဦးဆောင်နိုင်မယ့် ထိပ်တန်းနည်းပြ တဦးကို ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေဟာ အသင်းရဲ့ နည်းပြဟောင်း မော်ရင်ဟို ၊ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့လို ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတွေကို ဆက်သွယ်ကာ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဟော့ကင်းရဲ့ ဖော်ပြချက်အရ မော်ရင်ဟိုဟာ ချယ်လ်ဆီးရဲ့ နည်းပြသစ် လုပ်ပေးဖို့ ကမ်းလှမ်းချက် ရောက်ရှိလာချိန်မှာ ကမ်းလှမ်းချက်ကို ငြင်းဆန် ပယ်ချခဲ့ပြီး ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကမ်းလှမ်းမှုတွေ ရောက်မှသာ သူ့ဆီ ဆက်သွယ်ပေးဖို့ သူ့ရဲ့ အေးဂျင့်ထံ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

Photo Credit: Express

မော်ရင်ဟိုရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က လက်ရှိနည်းပြ အန်ဆလော့တီကိုသာ လာမယ့် ဘောလုံးရာသီ အထိ နည်းပြသစ် အဖြစ် ဆက်ခန့်ထားဖို့ ဆုံးဖြတ်ထားတာကြောင့် ပီအက်စ်ဂျီကသာ မော်ရင်ဟိုရဲ့ အသင်းသစ် ဖြစ်လာနိုင်ချေ ရှိနေပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သူတို့အသင်းရဲ့ နည်းပြချုပ် ဂယ်လ်တီယာနဲ့ လမ်းခွဲဖို့ နီးစပ်နေပြီး ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေဟာ မော်ရင်ဟိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။