အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားက ယနေ့မနက် အစောပိုင်းမှာ စီးရီးအေ ပွဲစဉ်(၆) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျီနိုအာနဲ့ ပွဲစဉ်မှာ ဂျီနိုအာကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိသွားခဲ့ပါတယ်။

ပေါ်တူဂီ ထိပ်သီးနည်းပြ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားက ပြီးခဲ့တဲ့ ၂ရာသီ အတွင်းမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ဆီကိုလည်း တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပါတယ်။

Photo Credit: Standard

ရိုးမားက ယခုနှစ်ရာသီမှာ စီးရီးအေပွဲ ၆ပွဲ ကစားထားရာ အမ်ပိုလီ တသင်းထဲကိုသာ အနိုင်ရရှိခဲ့ပြီး ဆလာနီတာနာနဲ့ တိုရီနိုတို့ကို သရေကျကာ ဗီရိုမာ ၊ အေစီမီလန်နဲ့ ဂျီနိုအာတို့ကို ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၅မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၁၆နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန်နဲ့ ၂မှတ်သာ ကွာဟပါတော့တယ်။

ဒါကြောင့်ပဲ ရိုးမားရဲ့ တာဝန်ရှိသူတွေက ရလဒ်ကောင်းတွေ အမြန်ဆုံး ရယူဖို့ အတွက် မော်ရင်ဟိုကို ဖိအားပေးနေကြသလို အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ ရိုးမားရဲ့ တာဝန်ရှိသူ တချို့က မော်ရင်ဟိုကို ရာထူးကနေ ထုတ်ပယ်ဖို့ပါ စတင် စဉ်းစားနေကြကြောင်း သိရပါတယ်။

ဂျီနိုအာ ၄-၁ ရိုးမား ပွဲအပြီးမှာတော့ မော်ရင်ဟိုက ဒီရာသီအစဟာ ရိုးမားရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ရာသီအစ ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် သူဟာ ရိုးမားကို ၂ရာသီဆက် ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေဆီ ပို့ပေးခဲ့တာကို မမေ့သင့်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: AS Roma

မော်ရင်ဟိုက – “ဒီရာသီအစက ရိုးမားရဲ့ သမိုင်းမှာ အဆိုးဝါးဆုံး ရာသီအစ ဖြစ်ခဲ့သလို ကျွန်တော့်ရဲ့ သမိုင်းမှာလည်း အဆိုးဝါးဆုံး ရာသီအစ ဖြစ်ခဲ့ပါတယ်။ ဒါအမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် ရောက်မလာခင်မှာ ရိုးမားက ဥရောပပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေကို ၂နှစ်ဆက်တိုက် တခါမှ မကစားခဲ့ဖူးပါဘူး။ ဒါကလည်း အမှန်တရား တခုပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မော်ရင်ဟိုနဲ့ ရိုးမားတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် ရိုးမားက မော်ရင်ဟိုကို ရာထူးကနေ မထုတ်ပယ်ရင်တောင် စာချုပ်သစ် ထပ်မချုပ်တော့ပဲ စာချုပ်ကုန်ရင် လမ်းခွဲနိုင်ချေ ရှိနေပါတယ်။