ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ မူခိုခိုနဲ့ သူ့ရဲ့ အေးဂျင့်တွေက ဒေါ့မွန်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမဏီ လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မူခိုခိုက ဥရောပရဲ့ အလားအလာ အကောင်းဆုံး လူငယ် တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မူခိုခိုက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီအသင်း အတွက် ရွေးချယ်ခံခဲ့ရပြီး သူ့ရဲ့ ပထမဦးဆုံး ကမ္ဘာ့ဖလားပွဲကိုလည်း ဝင်ရောက် ကစားခွင့် ရခဲ့ပါသေးတယ်။

မူခိုခိုက ဒေါ့မွန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ဒေါ့မွန်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ ၆လသာ သက်တမ်း ကျန်ရှိတော့ပြီး မူခိုခိုကသာ ဒေါ့မွန်နဲ့ စာချုပ်သစ် မချုပ်ဆိုတော့ရင် သူဟာ ရာသီကုန်မှာ ဒေါ့မွန်ကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

Photo Credit: Khel Now

လက်ရှိမှာတော့ ဒေါ့မွန်က သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် မူခိုခိုကို လက်မလွှတ်ရရေး အတွက် အစွမ်းကုန် ကြိုးပမ်းနေပြီး ဒေါ့မွန်က မူခိုခိုကို တနှစ် လုပ်ခလစာ ယူရို ၇သန်း အထိ ပေးမယ်လို့ ကမ်းလှမ်းထားပေမယ့် မူခိုခိုဘက်က ဒေါ့မွန်ရဲ့ ကမ်းလှမ်းမှုဟာ နည်းပါးနေတယ်လို့ ယူဆနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဆိုပါတယ်။

နာမည်ကြီး ဗြိတိန်သတင်းဌာန တခု ဖြစ်တဲ့ The Athleticကလည်း မူခိုခိုဟာ ဒေါ့မွန်မှာ ဆက်နေဖို့ ရာခိုင်နှုန်း နည်းပါးနေပြီး မူခိုခိုရဲ့ အေးဂျင့်ဖြစ်သူက မူခိုခိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ဖို့ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်တဲ့ ချယ်လ်ဆီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ကလည်း တက်သစ်စ လူငယ်ကြယ်ပွင့် မူခိုခိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း ဖော်ပြထားပါသေးတယ်။