ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မော်ရိုကိုနဲ့ စပိန်တို့ရဲ့ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာတော့ အာဖရိက အသင်းတသင်း ဖြစ်တဲ့ မော်ရိုကိုက ဥရောပ အင်အားကြီးအသင်း စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ပါတယ်။

မော်ရိုကိုက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ခရိုအေးရှား ၊ ဘယ်လ်ဂျီယံ ၊ ကနေဒါတို့လို အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပေမယ့် ကနေဒါနဲ့ ဘယ်လ်ဂျီယံကို အနိုင်ရခဲ့သလို ခရိုအေးရှားကိုလည်း သရေကျခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

၁၆သင်း ရှုံးထွက်အဆင့်မှာတော့ မော်ရိုကိုက ဥရောပ အင်အားကြီးအသင်း ဖြစ်တဲ့ စပိန်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေ အားလုံးနဲ့ ဘောလုံးပရိသတ်တွေက မော်ရိုကိုဟာ စပိန်ကို ဂိုးပြတ်မရှုံးအောင်ပဲ ထိန်းကစားရလိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် မော်ရိုကိုက သူတို့ရဲ့ ကျစ်လျစ်တဲ့ ကစားပုံကို ပြသနိုင်ခဲ့ပြီး သူတို့ရဲ့ စည်းလုံး ညီညွတ်မှု ၊ နောက်ဆုံးအချိန်အထိ ဇွဲမလျှော့ပဲ စပိန်ကို အကောင်းဆုံး အံတုနိုင်ခဲ့မှုတို့ကြောင့် ကြိုးစားမှုရဲ့ ရလဒ်အနေနဲ့ စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

မော်ရိုကိုက စပိန်ကို သာမန် ပွဲကစားချိန် အတွင်းမှာရော ၊ အချိန်ပို ၃၀မိနစ် အတွင်းမှာပါ ပေးဂိုးတွေ မပေးရအောင် ကစားသွားနိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း မော်ရိုကို ဂိုးသမား ဘူနောင်းက စပိန်ရဲ့ ပင်နယ်တီ ကန်ချက် ၃ကြိမ်လုံးကို လက်စွမ်းပြကာ စွမ်းစွမ်းတမံ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Express

မော်ရိုကို ၀-၀ စပိန် ပွဲစဉ်အပြီးမှာ မော်ရိုကိုဟာ ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ပွဲ ကစားထားရာ ပေးဂိုး ၁ဂိုးသာ ရှိနေခဲ့ပြီး ပြိုင်ပွဲရဲ့ ခံစစ်အကောင်းဆုံးအသင်း အဖြစ် သတ်မှတ်ခံထားရသလို သူတို့က ခရိုအေးရှား ၊ ဘယ်လ်ဂျီယံ ၊ စပိန် စတဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ပေးဂိုး တဂိုးမှ ခွင့်မပြုခဲ့ရတာကြောင့် သူတို့ရဲ့ ခံစစ်ကြောင်း စွမ်းဆောင်ရည်ကို အသိအမှတ် မပြုပဲ နေလို့ မရတော့ပါဘူး။

ခံစစ်ကောင်းလွန်းတဲ့ မော်ရိုကိုက ကွာတားဖိုင်နယ်အဆင့်မှာ ဆွစ်ဇာလန်လို ကစားရခက်တဲ့ အသင်းမျိုးကို ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ထားတဲ့ ပေါ်တူဂီနဲ့ ရင်ဆိုင် ရဖို့ ရှိနေပြီး တိုက်စစ်နဲ့ ခံစစ် အားပြိုင်ပွဲမှာ ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းလွန်းပါတယ်။