ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီယွန်နယ် မက်ဆီက သူဟာ ကစားသမား ဘဝမှာ ဘာစီလိုနာဆီ ပြန်မလာတော့ပဲ ကစားသမား ဘဝ ပြီးဆုံးမှသာ ဘာစီလိုနာမြို့ဆီ ပြန်လာကာ သူ့ရဲ့ ဘဝတခုလုံး ဘာစီလိုနာမြို့မှာပဲ ဆက်လက် နေထိုင်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် ပူပူနွေးနွေး ကမ္ဘာ့ဖလားဆုရှင် လီယွန်နယ် မက်ဆီက ၂၀၂၁ခုနှစ်မတိုင်မီ အထိ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံးမှာ ဘာစီလိုနာ အတွက်သာ ကစားပေးခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာနဲ့အတူ ဆုဖလားပေါင်း များစွာလည်း သိမ်းပိုက် ရယူနိုင်ခဲ့သူပါ။

Photo Credit: Marca

မက်ဆီက ၂၀၀၀ခုနှစ် ကနေ ၂၀၂၁ခုနှစ် အထိ ဘာစီလိုနာ အတွက် ကစားပေးခဲ့သလို သူ့ရဲ့ ကစားသမားကို ဘာစီလိုနာမှာသာ ကုန်ဆုံးဖို့ စဉ်းစားထားပေမယ့် လာပေါ်တာ ဦးဆောင်နေတဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့သစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုမယ်လို့ ကတိပေးပြီးမှ ကတိဖျက်ကာ စာချုပ်သစ် မချုပ်တော့တာကြောင့် ၂၀၂၁ခုနှစ် နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

မက်ဆီက ပီအက်စ်ဂျီနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသလို လက်ရှိမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တဖက်မှာလည်း လာပေါ်တာနဲ့ ဘာစီလိုနာဘုတ်အဖွဲ့က ပီအက်စ်ဂျီနဲ့ မက်ဆီတို့ရဲ့ စာချုပ်သစ် ဆွေးနွေးမှုသာ အဆင်မပြေရင် မက်ဆီကို လာမယ့် ၂၀၂၄ခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ပြန်ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Marca

ဒါပေမယ့် မက်ဆီကတော့ သူ့ကို ဘာစီလိုနာ ကနေ ထွက်ခွာရအောင် လုပ်ခဲ့တဲ့ လာပေါ်တာနဲ့ ဘုတ်အဖွဲ့သစ်ကို အခုချိန်အထိ ကျေနပ်ခြင်း မရှိသေးပဲ မက်ဆီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာဆီ ဘယ်တော့ ပြန်လာမလဲ ဆိုတဲ့ မေးခွန်းကို ဖြေဆိုရချိန်မှာတော့ သူဟာ ကစားသမား ဘဝ ပြီးဆုံးမှသာ ဘာစီလိုနာမြို့ဆီ ပြန်လာတော့မယ်လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီက – “ကျွန်တော်ကတော့ ကစားသမား ဘဝ ပြီးဆုံးတဲ့ အချိန်မှာ ဘာစီလိုနာမြို့ဆီ ပြန်သွားပြီး အခြေချ နေထိုင်ဖို့ပဲ စဉ်းစားထားပါတယ်။ ဘာစီလိုနာမြို့က ကျွန်တော့်ရဲ့ အိမ်ပါ။ ဒါပေမယ့် ကစားသမား ဘဝကို အဆုံးမသတ်ခင် အထိ ကျွန်တော်က စွန့်စားခန်းတွေ ဖွင့်ရပါဦးမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။