အာဂျင်တီးနားနဲ့ လက်ရှိ ကမ္ဘာ့ဘောလုံးရဲ့ စူပါစတား ထိပ်တန်း ကစားသမားကြီး လီယွန်နယ် မက်ဆီက လက်ရှိမှာ သူ့အသက်အရွယ်အရ ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်နေပေမယ့် လောလောဆယ်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့ မစဉ်းစားသေးဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ကစားသမားဘဝအတွင်း အသင်းလိုက် ဆုဖလားတွေ များစွာနဲ့ တစ်ဦးချင်း ဆုပေါင်းများစွာကို သိမ်းပိုက်ရယူထားပြီး ဘောလုံးသမားရဲ့ GOAT တစ်ဦးအဖြစ်ပါ သတ်မှတ်ခံရထားတဲ့ မက်ဆီဟာ လက်ရှိမှာ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီ ဖြစ်သလို ဒဏ်ရာတွေလည်း တဖြည်းဖြည်း ရရှိလို့လာခဲ့ပါတယ်။

Photo Credit : MBP

ဒါ့အပြင် မက်ဆီဟာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကိုပါ ဆွတ်ခူးထားပြီ ဖြစ်တာမို့ သူ့ကစားသမားဘဝက ပြီးပြည့်စုံနေပြီ ဖြစ်သလို လက်ရှိမှာလည်း အင်တာ မိုင်ယာမီနဲ့ ဆုဖလားတွေကို ဆွတ်ခူးထားနေတာဖြစ်လို့ အခုအချိန် မက်ဆီက သူ့ကစားသမားဘဝကို အဆုံးသတ်လိုက်မယ်ဆိုရင် အဆုံးသတ်လို့ ရနိုင်မယ့် အခြေအနေမျိုး ရှိနေပါတယ်။

ဒီလို အခြေအနေမှာ မက်ဆီက “အင်တာ မိုင်ယာမီအသင်းဆီ လာခဲ့ရတာက မကြာခင်မှာပဲ အနားယူတော့မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော် ကစားဖို့ နောက်ထပ် နှစ်တွေ ကျန်နေပါသေးတယ်။ လက်ရှိ အခိုက်အတန့်မှာတော့ ကျွန်တော်တို့ မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော် အရှေ့ကို လှမ်းမျှော် မကြည့်ချင်ပါဘူး။”

Photo Credit : CNBC

“နေ့စဉ်တိုင်း ပျော်နေဖို့ကိုပဲ ကြိုးစားနေပါတယ်။ ဒီအဆင့်မှာ စိတ်ခံစားချက်ကောင်းကောင်း ပျော်ပျော်ရွှင်ရွှင်နဲ့ က်ကစားသွားနိုင်ဖို့ပဲ မျှော်လင့်ပါတယ်။ ကိုယ် ချစ်မြတ်နိုး်တာကို လုပ်နေရတဲ့အခါ ပျော်ရွှင်နေပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက် ဆင်နွဲဖို့ထက် အဲ့ဒါကိုပဲ ပိုပြီး တန်ဖိုးထားပါတယ်။”

“ကျွန်တော်ကတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပါဝင် ယှဉ်ပြိုင်ဖို့ ရည်မှန်းထားတာ မဟုတ်ပါဘူး။ နေ့စဉ်နဲ့အမျှ အကောင်းဆုံး ဖြတ်သန်းသွားဖို့က ပိုအရေးကြီးပါတယ်။” လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ လက်ရှိမှာတော့ မက်ဆီက မိုင်ယာမီနဲ့အတူ ပုံမှန် ဆုဖလားတစ်ခုဖြစ်တဲ့ Supporters’ Shield ဖလားကို ရရှိထားခဲ့ပြီဖြစ်ပြီး မကြာခင်မှာပဲ MLS Cup ပလေးအော့ပွဲတွေကိုပါ ဆက်လက် ဆင်နွဲရတော့မှာ ဖြစ်ပါတယ်။