ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကတော့ သူ့ရဲ့ ကစားသမား ဘဝ နေဝင်ချိန်ကို ရောက်ရှိနေချိန်မှာ သူဟာ ကစားသမား ဘဝ ကနေ အနားယူသွားရင် ကစားသမားကောင်း တဦး ဆိုတာထက် လူကောင်း တဦးအဖြစ်သာ အသိအမှတ်ပြုခံချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး မက်ဆီဟာ ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ဝင်ရောက်ထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Bein Sports

မက်ဆီက ကွင်းထဲမှာ သူမတူတဲ့ ခြေစွမ်းတွေ ၊ တားဆီးဖို့ ခက်ခဲတဲ့ လိမ်ခေါက်ဖြတ်ကျော်မှုတွေနဲ့ အသင်းဖော်တွေ အတွက် ဂိုးဖန်တီးပေးမှုတွေကြောင့် ကျော်ကြားပေမယ့် ကွင်းပြင်ပမှာတော့ သူ့ရဲ့ ငယ်ချစ်ဦး အန်တိုနယ်လာနဲ့အတူ တည်ဆောက်ထားတဲ့ မိသားစုလေးနဲ့ ရိုးရိုးအေးအေး နေတတ်သူ တဦးပါ။

ဒါကြောင့်ပဲ မက်ဆီက သူဟာ ကစားသမားဘဝ ကနေ အနားယူပြီးသွားရင် လူတွေက သူ့ကို ကစားသမားကောင်း တဦးလို့ မှတ်မိနေဖို့ထက် လူကောင်း တဦးအနေနဲ့သာ အမှတ်ရစေချင်ကြောင်း အာဂျင်တီးနား သတင်းဌာန တခုနဲ့အတူ ပြုလုပ်ခဲ့တဲ့ နောက်ဆုံး အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

Photo Credit: Bein Sports

မက်ဆီက – “ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒကတော့ တကယ်လို့ ကျွန်တော် အနားယူပြီးသွားရင် လူတွေက ကျွန်တော့်ကို လူကောင်းတယောက် အနေနဲ့ပဲ အမှတ်ရစေချင်ပါတယ်။ ကစားသမားကောင်း တဦးအနေနဲ့ အမှတ်ရတာမျိုးထက် လူကောင်း တဦး အဖြစ် အသိအမှတ်ပြုခံရတာကို ပိုပြီး သဘောကျပါတယ်” လို့ ရိုးသားစွာ ဖြေဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မက်ဆီက သူဟာ ကစားသမား ဘဝ ကနေ အနားယူပြီးသွားရင် နည်းပြပြန်လုပ်ဖို့ထက် အားကစားဒါရိုက်တာ တဦး အနေနဲ့သာ အလုပ်လုပ်ကိုင်ချင်ကြောင်း သူ့ရဲ့ ဆန္ဒကို ထုတ်ဖော် ပြောကြားသွားခဲ့ပါသေးတယ်။