ဒီနေ့ မနက်အစောပိုင်း ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့ရှိ မာရာကာနာ ဘောလုံးကွင်းမှာ ဘရာဇီးလ်အသင်း နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အတွင်း ပွဲကြည့်ပရိသတ် အချင်းများရာကနေ ဘရာဇီးလ် ရဲတပ်ဖွဲ့ဝင်တွေက အာဂျင်တီးနား ပရိသတ်တွေဆီ ရိုက်နှက်မှု ပြုလုပ်ခြင်းအပေါ် လီယွန်နယ် မက်ဆီ အပါအဝင် အာဂျင်တီးနား ကစားသမားတွေက ဒေါသပုန်ထနေကြပါတယ်။

တောင်အမေရိက ဘောလုံးပွဲစဉ်တွေဟာ ဥရောပက ဘောလုံးပွဲတွေထက် ကစားပုံ ကြမ်းတမ်းမှုတွေ ကစားသမားတွေနဲ့ ကွင်းလယ်ဒိုင်တို့ရဲ့ ပဋိပက္ခတွေ အခြားသော ကိစ္စရပ်တွေ အများအပြား အဖြစ်များတက်လေ့ ရှိပါတယ်။

ပိုဆိုးတာကတော့ တောင်အမေရိကရဲ့ ဘီလူးကြီးနှစ်ကောင်လို့ သတ်မှတ်ရမယ့် ဘရာဇီးလ် နဲ့ အာဂျင်တီးနားတို့ ထိပ်တိုက် ဆုံတွေ့ကြတဲ့ ပွဲစဉ်တွေဟာ လိုတာထက် fouls ကျူးလွန်မှုတွေ အဝါကတ်တွေ အနီကတ်တွေ ပလူပျံနေတက်သလို မကြာခဏလည်း ပြသာနာတက်လေ့ ရှိကြပါတယ်။

အခုလည်း ဘရာဇီးလ် နဲ့ အာဂျင်တီးနားတို့ ထပ်မံ ရင်ဆိုင်ရချိန်မှာ နှစ်ဖက် ပရိသတ်တွေ အချင်းများနေမှုကို ဘရာဇီးလ် ရဲတွေက ကြားဝင် ဖြေရှင်းရင်း အာဂျင်တီးနား ပရိသတ်တွေကိုပါ ရိုက်နှက်ခဲ့တာကြောင့် ပွဲစတင်ချိန်ကိုပါ နောက်ဆုတ်ခဲ့ရပါတယ်။

Photo Credit : All About Argentina

ဒီအခြေအနေနဲ့ ပတ်သက်ပြီး မက်ဆီက “ရဲတွေက ဒီကွင်းထဲမှာ ရှိနေတဲ့ လူတွေကို ရိုက်နှက်ခဲ့တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်။ အဲ့ဒီထဲမှာ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေ တချို့လည်း ပါဝင်နေပါတယ်။ ဒါကိုမျိုးလည်း Libertadores ဖိုင်နယ်ပွဲမှာပါ ဖြစ်ပွားခဲ့ပါသေးတယ်။ သူတို့တွေက ပွဲကစားရတာထက် ဒါကြီးကိုပဲ အာရုံစိုက်နေကြတယ်။”

“ကျွန်တော်တို့တွေ ဒီအခြေအနေမှာ ပိုမို တည်ငြိမ်အောင် ကစားဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနေ့က ကျွန်တော်တို့ သမိုင်းသစ် ရေးထိုးခဲ့တဲ့ နေ့ရက်ပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ ထပ်ပြီး ဖိနှိပ်ချုယ်ချယ်ခံရပြန်ပါတယ်။ ဒါက လက်မခံနိုင်စရာပါ။ ဒါက မိုက်မဲမှုတစ်ခုပဲ။ ဒါကို ချက်ချင်း ရပ်တန့်ရပါမယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။