ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကမှ ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာရင်း ဘောလုံး ပရိသတ်ထုကြီး တခုလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ လီယွန်နယ် မက်ဆီက သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ ပထမဦးဆုံး ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြနိုင်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရာသီအစမှာတင် သွင်းဂိုးတွေ တရစပ် သွင်းယူရင်း သူ မအိုသေးကြောင်း သက်သေပြသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ဘာစီလိုနာကနေ ပီအက်စ်ဂျီထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အသင်းသစ်နဲ့ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Marca

မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီရဲ့ ပွဲအတော်များများကို ပါဝင် ကစားပေးခဲ့ပေမယ့် ဘာစီလိုနာကို လွမ်းတဲ့ စိတ်အခံ ၊ နယ်မြေအသစ် တခုဆီ တခါမှ မပြောင်းရွှေ့ဖူးတာကြောင့် အသားမကျတဲ့ ဒဏ်တွေကို အလူးအလဲ ခံစားခဲ့ရပြီး သူ့ရဲ့ ခြေစွမ်းတွေကလည်း အတော်လေး ကျဆင်းသွားခဲ့ရပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ မက်ဆီဟာ အရင်ကထက် ပီအက်စ်ဂျီ အသင်းဖော်တွေနဲ့ ပိုမို သဟဇာတ ဖြစ်လာတာကို မြင်တွေ့ရသလို မက်ဆီက ပီအက်စ်ဂျီ အတွက် ၂ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးရင်း သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာကြောင်းကို အလုပ်နဲ့ သက်သေပြသွားခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီက ပီအက်စ်ဂျီနဲ့ နန့်တက်စ်တို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်စူပါဖလား ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကလာမွန့်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့် မက်ဆီက ရာသီသစ်မှာ ၂ပွဲ ကစားထားပြီးချိန် သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိလာချိန်မှာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ် ဆုဖလား ရအောင် ကူညီနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရပါမယ်။