ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲ တပွဲ ဖြစ်တဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲမှာတော့ နှစ်သင်းစလုံးက နောက်ဆုံးချိန် အထိ ပရိသတ်တွေကို အကောင်းဆုံး ဖျော်ဖြေသွားနိုင်ခဲ့ကြပြီး သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် ၂ဂိုးစီ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ အာဂျင်တီးနားက ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပြီး ကစားကွက်ချင်းလည်း ဆင်တူနေတာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ကာ နယ်သာလန်က အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို ထိန်းချုပ်နိုင်စွမ်းတော့ မရှိခဲ့ပါဘူး။

Photo Credit: Keep Up

နယ်သာလန်နဲ့ အာဂျင်တီးနားတို့က ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တကြိမ် တွေ့ဆုံခဲ့ဖူးပြီး အဆိုပါပွဲမှာ အာဂျင်တီးနားက နယ်သာလန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းသွားခဲ့တာကြောင့် နယ်သာလန်က ယခု တွေ့ဆုံမှုမှာ အာဂျင်တီးနားကို လက်စားပြန်ချေနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီရဲ့ မှော်ဝင်ခြေစွမ်းတွေကြောင့် နယ်သာလန်က အာဂျင်တီးနားကို သာမန် ပွဲကစားချိန် အတွင်းမှာ သရေကျဖို့တောင် ခက်ခက်ခဲခဲ ကစားခဲ့ရပြီး အာဂျင်တီးနား အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၃၅မိနစ်မှာ မိုလီနာနဲ့ ပွဲချိန် ၇၃မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် မက်ဆီက အသီးသီး သွင်းယူပေးခဲ့ပြီး နယ်သာလန် အတွက် နောက်ကျ ချေပဂိုးတွေကိုတော့ ပွဲချိန် ၈၃မိနစ်နဲ့ ၉၀+၁၁မိနစ်မှာ လူစားဝင် တိုက်စစ်မှူး ဝက်ဂ်ဟော့က သွင်းယူပေးသွားခဲ့တာပါ။

Photo Credit: Keep Up

နှစ်သင်းစလုံးက သာမန် ပွဲကစားချိန် အတွင်းမှာရော ၊ အချိန်ပိုမှာပါ သရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာမှာ အာဂျင်တီးနားဘက်က မက်ဆီ ၊ ပါရီဒက်စ် ၊ မွန်တီရယ် ၊ မာတီနက်ဇ်တို့ ပင်နယ်တီ ဝင်ခဲ့ကာ အန်ဇို ဖာနန်ဒက်ဇ် တဦးထဲသာ ပင်နယ်တီ လွဲခဲ့ပြီး နယ်သာလန်ဘက်ကတော့ ဗန်ဒိုက်နဲ့ ဘာ့ဂျ်ဟွေ့တို့ ပင်နယ်တီ လွဲခဲ့ကြကာ ကူမိုင်းနား ၊ ဝက်ဂ်ဟော့နဲ့ လုခ် ဒီဂျောင်တို့သာ ပင်နယ်တီ ဝင်ခဲ့တာကြောင့် အာဂျင်တီးနားက ပင်နယ်တီ အဆုံးအဖြတ်မှာ နယ်သာလန်ကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပွဲမတိုင်မီမှာ သူတို့အသင်းကို စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့ နယ်သာလန်နည်းပြ ဗန်ဟားလ်ကို နောက်တခါ သူတို့နဲ့ တွေ့ရင် သူတို့ကို မလေးစားတဲ့ စကားတွေ ထပ်မပြောဖို့ သတိပေးသွားခဲ့ပါတယ်။

မက်ဆီက – “ကျွန်တော်က ဒီနေ့ပွဲမှာ ဒေါသထွက်နေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဗန်ဟားလ်လို အတွေ့အကြုံရင့် နည်းပြ တယောက်က ကျွန်တော်တို့အသင်းကို မလေးစားတဲ့ စကားတွေ ပြောခဲ့လို့ပါ။ သူ့အနေနဲ့ ဒီလိုမျိုး လုပ်စရာ အကြောင်းအရင်း မရှိပါဘူး။ သူက ကျွန်တော်တို့အသင်းကို ခနဲ့လို့လည်း ကျွန်တော်တို့က ဘာမှ မဖြစ်သွားဘူးလေ။ ဒါကြောင့် သူ့ရဲ့ လုပ်ရပ်က အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ။ ကျွန်တော်ကတော့ သူတို့အသင်းဟာ ကျွန်တော်တို့ အာဂျင်တီးနားကို မလေးစားခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ အခုတော့ သူတို့လည်း နောက်တခါ တွေ့ရင် ဒီလို ထပ်မလုပ်ချင်လောက်တော့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။