ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပွဲကြိုခန့်မှန်း သုံးသပ်ချက် အစီအစဉ်လေး တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်တွေကို ဖော်ပြပေးဖို့ ရွေးချယ်ထားပြီး ဗီလာနဲ့ စပါး ၊ လီဗာပူးနဲ့ မန်ချက်စတာ စီးတီး စတဲ့ စိတ်ဝင်စားစရာ ပွဲကောင်းတွေ ရှိနေတာကြောင့် မာဆန် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Sky Sports

ဗီလာနဲ့ စပါး (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

စပါးကသာ ဒီပွဲမှာ ရှုံးနိမ့်သွားခဲ့ရင် သူတို့က ဗီလာနဲ့ ရမှတ် ၈မှတ် အထိ ပြတ်သွားပါလိမ့်မယ်။ သူတို့က ပွဲကျန် ၁ပွဲ ကစားဖို့ ကျန်နေသေးပေမယ့် ဒီပွဲက ပိုစတီဂိုဂလူတို့ လူစုအတွက် ရှုံးလို့မဖြစ်တဲ့ ပွဲမျိုးပါ။ နှစ်သင်းစလုံးက ခံစစ်ကြောင်းကို အရှေ့တိုးပြီး ကစားတတ်တဲ့ အသင်းတွေ ဖြစ်သလို နှစ်သင်းစလုံးမှာ အရည်အသွေး မြင့်တဲ့ တိုက်စစ်မှူးတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲက ဖျော်ဖြေမှု ပေးနိုင်တဲ့ ပွဲကောင်း တပွဲ ဖြစ်လာပါလိမ့်မယ်။ တကယ်လို့ ဗီလာကသာ နိုင်ပွဲ ရခဲ့ရင် အဆင့်(၄)ဝင်ခွင့်က သူတို့ရဲ့ လက်ထဲကို ရောက်သွားမှာပါ။ အဲ့ဒါက ဗီလာအတွက် အရမ်းကောင်းတဲ့ အောင်မြင်မှု တခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်က ဗီလာရဲ့ ရလဒ်တွေနဲ့ သူတို့ရဲ့ လူစာရင်းကို ကြည့်လိုက်တဲ့အခါ ဒီပွဲမှာ သူတို့တွေ ရှုံးနိမ့်မယ် ဆိုတဲ့ ခံစားချက်ကို မရပါဘူး။

ခန့်မှန်းရလဒ် – ဗီလာ ၂-၂ စပါး

Photo Credit: OPTA

လီဗာပူးနဲ့ မန်ချက်စတာ စီးတီး (တနင်္ဂနွေနေ့ည ၁၀နာရီ ၁၅မိနစ်)

ဒီပွဲရဲ့ ရလဒ်ကတော့ မိုဟာမက် ဆာလာအပေါ်ပဲ မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ ဆာလာကသာ ကြံ့ခိုင်မှု အပြည့်နဲ့ လေ့ကျင့်ခန်းတွေ ဆင်းထားပြီး ဒီပွဲမှာ ဝင်ကစားပေးမယ် ဆိုရင် အန်ဖီးလ်မြေမှာ လီဗာပူးက အသာစီး ရပါလိမ့်မယ်။ လီဗာပူးက အန်ဖီးလ်မှာ ကစားခွင့် ရတိုင်း ကြောက်စရာကောင်းတဲ့အသင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဘက်ကာ ၊ အာနိုးလ် ၊ ကာတစ်ဂျုံးစ်နဲ့ ဂျိုတာတို့ မပါဝင်ခဲ့ရင်တောင် လီဗာပူးက သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ထုတ်သုံးလာပါလိမ့်မယ်။

ဘရက်ဒ်လေက အသင်းကြီးဆီ ရောက်ကတည်းက ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်ပြီး သူက ညာနောက်ခံနေရာကို အပိုင်စားတောင် ရသင့်ပါတယ်။ သူက ဒိုကူနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဘရက်ဒ်လေက အသက်ငယ်သေးပေမယ့် ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားတော့ ကလော့ပ်က သူ့ရဲ့နေရာမှာ ဂိုမက်စ်ကို ထည့်မကစားလောက်ဘူးလို့ ထင်ပါတယ်။ ဂိုမက်စ်က ခံစစ်ပိုင်းမှာ ပိုစိတ်ချရပေမယ့် ဘရက်ဒ်လေသာ ပါလာရင် လီဗာပူးရဲ့ တိုက်စစ်က ပိုမြိုင်နေပါလိမ့်မယ်။ ပြီးတော့ ဘရက်ဒ်လေရဲ့ တိုးအား ၊ ရုန်းအားကြောင့် လီဗာပူးရဲ့ ညာခြမ်းက ကြွတက်လာနိုင်ပါတယ်။

ဆာလာနဲ့ နသန် အကီရဲ့ အားပြိုင်မှုကလည်း စောင့်ကြည့်ရမယ့်အရာပါ။ အကီက ထိပ်တန်း ကစားသမား ဆိုပေမယ့် ပြီးခဲ့တဲ့ တပတ်မှာ သူက ဂါနာချိုကို မထိန်းနိုင်ခဲ့ပါဘူး။ ပြီးတော့ ရက်ဖို့ဒ်ရဲ့ဂိုးမှာ ဘရူနို ဖာနန်ဒက်စ် တယောက် လူမကျွံခဲ့တာကလည်း သူ့ရဲ့ အမှားကြောင့်ပါ။ ကျွန်တော်ကတော့ ခြေစွမ်းပြနေတဲ့ ဘရက်ဒ်လေကို ပွဲထွက်လူစာရင်းမှာ မြင်ချင်ပါတယ်။ ပြီးတော့ သူက ဒိုကူကို ထိန်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ဆာလာနဲ့ အကီရဲ့ အားပြိုင်မှုကတော့ ပွဲရလဒ် အတွက် အရေးပါလာပါလိမ့်မယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၁ မန်ချက်စတာ စီးတီး

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

မန်ချက်စတာ ယူနိုက်တက် ၂-၀ အဲဗာတန်

ခရစ္စတယ် ပဲလေ့စ် ၂-၁ လူတန်

ဘုန်းမောက် ၃-၀ ရှက်ဖီးလ် ယူနိုက်တက်

ဝုလ်ဗ် ၂-၁ ဖူလ်ဟမ်

အာဆင်နယ် ၄-၀ ဘရန့်ဖို့ဒ်

ဝက်စ်ဟမ်း ၃-၀ ဘန်လေ

ဘရိုက်တန် ၃-၁ ဖောရက်စ်

ချယ်လ်ဆီး ၂-၁ နယူးကာဆယ်