ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ရအောင် ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲမှာ ပါဝင်သလို ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်က မန်ချက်စတာ စီးတီး ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်က ခရစ္စမတ်ကာလ အထိ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ၂ပွဲဆက် ရှုံးနိမ့်ခဲ့သလို သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အားနည်းချက်ကလည်း တဖြည်းဖြည်း ဘူးပေါ်သလို ပေါ်လာနေပါတယ်။

အာဆင်နယ်က ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ သွင်းဂိုး ၃၇ဂိုး အထိ သွင်းယူထားပေမယ့် သူတို့အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဟာ တောင်ပံတိုက်စစ် ကစားသမား ဆာကာ ဖြစ်ပြီး ဆာကာကလည်း သွင်းဂိုး ၆ဂိုးထဲသာ သွင်းယူထားနိုင်ပါတယ်။

Photo Credit: Goal

ဒီအချက်ကြောင့် အာဆင်နယ်မှာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တဦး လိုအပ်နေတယ် ဆိုတာကို အတိုင်းသား မြင်တွေ့နိုင်ပြီး အာဆင်နယ်ရဲ့ ကစားသမားဟောင်း ဖြစ်သူ ပေါလ် မာဆန်ကတော့ သူ့အသင်းဟာ တိုက်စစ်ပိုင်း အတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူသင့်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

ပေါလ် မာဆန်က – “အာဆင်နယ်က သူတို့ရဲ့ ပြဿနာကို ဖြေရှင်းဖို့ အိုင်ဗန် တိုနေးကို ရအောင် ခေါ်ယူသင့်ပါတယ်။ ဒါပါပဲ။ အာဆင်နယ်ရဲ့ ချန်ပီယံတိုက်ပွဲက မပြီးသေးပါဘူး” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ကာ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေကို အကြံပေးသွားခဲ့တာပါ။