စပိန်လာလီဂါ နာမည်ကြီးကလပ် ဆီဗီးလားရဲ့ နည်းပြချုပ် ဖြစ်သူ မန်ဒီလီဘာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲမှာ ဗလင်စီယာကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် လာမယ့် ကြာသပတေးနေ့ညမှာ ကစားရမယ့် မန်ယူနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာလည်း မန်ယူကို အနိုင်ယူပြမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဆီဗီးလားက လာလီဂါ ပွဲစဉ်(၂၉) အဖြစ် ဗလင်စီယာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ကစားကွက် အသာစီး မရခဲ့ပေမယ့် ဂိုးသွင်းတိကျမှုကြောင့် အနိုင်ဂိုးတွေ ရခဲ့ပြီး ဆီဗီးလား အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၅၅မိနစ်မှာ နောက်ခံလူ ဘာဒီနဲ့ ပွဲချိန် ၇၅မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဆူဆိုတို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Goal

ဆီဗီလားက ဗလင်စီယာကို အနိုင်ရခဲ့ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၄ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ လာမယ့် ကြာသပတေးနေ့မှာတော့ ဆီဗီးလားက ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း ရာမွန် ဆန်းချက်ဇ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ဆီဗီးလားနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပထမအကျော့မှာ တဖက် နှစ်ဂိုးစီနဲ့ သရေကျခဲ့တာကြောင့် ဒုတိယအကျော့မှာ အနိုင်ရခဲ့တဲ့ အသင်းက ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်ပြီး ဆီဗီးလားနည်းပြ မန်ဒီလီဘာကတော့ သူတို့အသင်းဟာ မန်ယူနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေသလို မန်ယူကို ပွဲချိန်အတွင်းမှာပဲ အနိုင်ယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Sevilla

မန်ဒီလီဘာက – “ကျွန်တော်တို့အသင်းက ယုံကြည်မှု လိုအပ်နေတာပါ။ တခါတလေကျရင် ခင်ဗျားက ကစားပုံ မကောင်းပေမယ့် နိုင်ပွဲကို ရတတ်ပါတယ်။ အဲ့ဒီလို နိုင်ပွဲတွေက ခင်ဗျားသာ ကစားပုံ ပိုကောင်းခဲ့ရင် ပိုကောင်းတဲ့ ရလဒ်မျိုး ရလာမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ပေးပါတယ်။ ကျွန်တော်တို့က ကြာသပတေးနေ့ညမှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲအတွက် စိတ်အေးလက်အေး ရှိနေပါတယ်။ ကျွန်တော်တို့က ဂိုးပေါက်ရှေ့မှာ အောင်မြင်မှုတွေ ရယူထားနိုင်ပါတယ်။ ကျွန်တော်တို့က ၂ပွဲဆက် သွင်းဂိုး ၂ဂိုးစီ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လာမယ့်ပွဲမှာလည်း ဒီလိုမျိုး နိုင်ပွဲ ရအောင် ယူနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့က မန်ယူနဲ့ ဆက်နွယ်နေတဲ့ ကြိုးတန်းတွေကို ခပ်မြန်မြန် ဖြတ်ပစ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် (ပွဲချိန်အတွင်းမှာပဲ အနိုင်ယူနိုင်မှုအား ဆိုလိုချက်)” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။