ပြင်သစ် ကြယ်ပွင့် ကစားသမား ကီလီယန် အမ်ဘာပေဟာ ဒီနွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် ရီးယဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ထက် လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ပါ စဉ်းစားလာနိုင်တယ်လို့ ပြင်သစ်မီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ဒီရာသီအကုန်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို လက်ရှိမှာလည်း ပြည်ပကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။

Photo Credit : Football Transfer

ဒီလို အခြေအနေတွေ ရှိနေတဲ့ ဘာပေကို ခေါ်ယူသွားဖို့ ရီးယဲလ်အသင်းက အခြေအနေ အကောင်းဆုံး ဖြစ်နေသလို ရီးယဲလ်ဘက်ကလည်း ဘာပေအတွက် ကမ်းလှမ်းမှု လုပ်ဆောင်ထားပြီး ဇန်နဝါရီ (၁၅)ရက်အတွင်းမှာပဲ အကြောင်းပြန်ပေးဖို့ပါ အကြောင်းကြားထားခဲ့ပါတယ်။

ဒီအချိန် မိုဟာမက် ဆာလာကို လုံးဝ လက်လွတ်ရဖွယ် ရှိနေတဲ့ လီဗာပူးလ်အသင်းကပါ ဘာပေရဲ့ အခြေအနေတွေကို စောင့်ကြည့်လျက် ရှိနေပြီး သူတို့အသင်းလည်း ဘာပေကို ရီးယဲလ်အသင်းနဲ့အပြိုင် မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖို့ ရှိနေပါတယ်။

Photo Credit : TEAMtalk

ပြင်သစ် အခြေစိုက် Le Parisien ရဲ့ ဖော်ပြချက်မှာတော့ ဘာပေဟာ နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖြစ်ခဲ့မယ်ဆိုရင် သူ့ကို အလိုရှိနေတဲ့ အသင်းနှစ်သင်းထဲကမှ ယာဂင် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ စဉ်းစားလာနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဒါ့အပြင် ပီအက်စ်ဂျီအနေနဲ့ ဘာပေလို ကစားသမားမျိုးကို အသင်းမှာ ဆက်ထိန်းထားဖို့အတွက် ရီးယဲလ်ရဲ့ အန္တရာယ်ထက် လီဗာပူးလ်အသင်းရဲ့ အန္တရာယ်က ပိုပြီးတော့ အားကောင်းနေနိုင်ကြောင်းပါ သုံးသပ်ထားခဲ့ပါတယ်။ လီဗာပူးလ်ကလည်း ဆာလာကို သိပ်မကြာခင်မှာပဲ လက်လွတ်ရနိုင်တာမို့ သူ့နေရာမှာ ဘာပေလို ကစားသမားမျိုးနဲ့ ပြန်လည် ဖြည့်တင်းချင်နေပြီး တကယ်လို့ ဘာပေသာ ရောက်လာခဲ့မယ်ဆိုရင် ဟာလန်း-ဘာပေတို့ရဲ့ အားပြိုင်မှုကိုပါ မြင်တွေ့ရဖွယ် ရှိနိုင်ပါတယ်။