ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာထားတဲ့ ကိုင်လီယန် အမ်ဘာပေက လာမယ့် ဇူလိုင်လ ၁ရက်နေ့မှာ သူ့ရဲ့အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီမှာ မြင့်မားတဲ့ လုပ်ခလစာ ၊ အပိုဆုကြေးနဲ့ အကျိုးခံစားခွင့်တွေ ရရှိနေပေမယ့် ချန်ပီယံလိဂ်ဆုဖလားနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုတွေကို သိမ်းပိုက်နိုင်ဖို့ အတွက် ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေက ရာသီကုန်ချိန်မှာ အသင်းကို စွန့်ခွာတော့မယ့် အကြောင်းအား ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေထံ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာပဲ တရားဝင် အသိပေးခဲ့ပြီး ပီအက်စ်ဂျီကလည်း အမ်ဘာပေကို အသင်းပြောင်းခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းမှာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် ၊ လီဗာပူး ၊ မန်ချက်စတာ စီးတီး စတဲ့ အသင်းတွေက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ကြပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီသာ ပြောင်းဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အမ်ဘာပေက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီးနောက် ရီးရဲလ်မက်ဒရစ် တသင်းထဲနဲ့သာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး လက်ရှိမှာ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဆွေးနွေးမှုတွေက အဆင်ပြေ ချောမွေ့နေကာ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်မှာ လုပ်ပိုင်ခွင့် အများအပြားကို ရရှိမယ်လို့ သိရှိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BBC Sportsကလည်း အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းတော့မယ် ဆိုတဲ့ သတင်းကို အတည်ပြုပေးထားပြီး BBCက အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်မှာ ၁နှစ် အသားတင် လုပ်ခလစာ ယူရို ၁၅သန်း + အပိုဆုကြေးတွေ ရမယ့် အပြင် လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်းကို ၅နှစ် အရစ်ကျနဲ့ ရရှိမယ်လို့ ဖော်ပြထားပါတယ်။