ကီလီယန် အမ်ဘာပေနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းရှည်ကြီးကတော့ ဒီရက်ပိုင်းလေးအတွင်းမှာ Happy Ending နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဘာပေက ရီးယဲလ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၅)နှစ်စာချုပ်တို့နဲ့ ပြောင်းရွှေ့နိုင်ခဲ့ပြီး ရီးယဲလ်ကလည်း သူတို့ အလိုချင်ဆုံးသော ကစားသမားတစ်ဦးကို ပိုင်ဆိုင်လိုက်ရပါတယ်။

တကယ်တော့ ဘာပေနဲ့ ရီးယဲလ်အသင်းတို့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက အခုလိုမျိုး အပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေတွေ ရှိခဲ့ပေမယ့်လည်း အကြောင်းကြောင်းကြောင့် အပြောင်းအရွှေ့က အခုမှသာ ဖြစ်ပေါ်ခဲ့ရပါတယ်။ ပီအက်စ်ဂျီအနေနဲ့ကလည်း ဒီတစ်ကြိမ်မှာတော့ ဘာပေကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပဲ ပြောင်းရွှေ့ကြေး တစ်ပြားမှတောင် မရတော့ပဲ လက်လွတ်လိုက်ရပါတယ်။

Photo Credit : Times Now

ရီးယဲလ်ကတော့ ဒီနောက်ပိုင်းနှစ်တွေထဲ ဒေးဗစ် အလာဘာ ၊ အန်တိုနီယို ရူဒီဂါတို့နောက်ပိုင်း ဘာပေကိုပါ အလွတ်နဲ့ ရလိုက်တာက အသင်းအတွက် အတော်လေးကို အကျိုးရှိစေတဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့ရပြီး ဘာပေနဲ့အတူ ဘရာဇီးလ် ကြယ်ပွင့်လေး အန်းဒရစ်ပါ အသင်းဆီ ရောက်လာတော့မှာဖြစ်လို့ ရီးယဲလ်တိုက်စစ်ပိုင်းက အလွန် အင်အားတောင့်တင်းသွားတော့မှာ ဖြစ်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ပြင်သစ်စူပါစတား တိုက်စစ်ကစားသမား ဘာပေဟာ သူရဲ့ အိမ်မက်အသင်းဖြစ်တဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့နိုင်ပြီဖြစ်လို့ အရမ်းစိတ်လှုပ်ရှားနေကြောင်း အင်စတာဂရမ်မှာ ဖော်ပြထားခဲ့သလို အင်တာဗျူးတစ်ခုမှာလည်း သူရဲ့အပြောင်းအရွှေ့အကြောင်းအပေါ် ဖွင့်ဟမှုတွေ လုပ်ဆောင်လာပါတယ်။ “ကျွန်တော် စိတ်သက်သာရာ ရသွားတယ်လို့ ခံစားမိရတယ်။”

Photo Credit : Youtube

“အခုတော့ ကျွန်တော်က ရီးယဲလ်မက်ဒရစ် ကစားသမားတစ်ဦး ဖြစ်လာခဲ့ပါပြီ။ တရားဝင် ဖြစ်လာခဲ့ရပါပြီ။ နှိမ့်ချမှုတွေနဲ့ ဒီအသင်းအတွက် ကစားပေးသွားပါမယ်။ ဒီအပြောင်းအရွှေ့ ဖြစ်လာအောင် လုပ်ဆောင်ပေးခဲ့ကြတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်တော့ ဖလော်ရန်တီနို ပီရက်ဇ်ကိုပေါ့။ သူက ကျွန်တော့်ကို ဟိုးအစကတည်းကနေ ယုံကြည်မှုပေးခဲ့တယ်။ အခု ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်အသင်းဆီ ရောက်နေပြီမို့ အရမ်း စိတ်လှုပ်ရှားရတယ်။ အရမ်းလည်း ပျော်နေရတယ်။ ဒါက ကျွန်တော်ရဲ့ အိမ်မက်ပါပဲ။”

“ကျွန်တော်က ဒီအသင်းမှာလည်း အနည်းဆုံး (၅)နှစ်လောက်အထိ ဆက်ကစားသွားမှာပါ။ ဒီရာသီမှာ ကျွန်တော် ဖြတ်သန်းခဲ့ရတာတွေ ပြန်တွေးကြည့်မယ်ဆိုရင် ကျွန်တော်ရဲ့ အကောင်းဆုံး ဘောလုံးရာသီ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။ ပီအက်စ်ဂျီမှာ ကျွန်တော် မပျော်တာတော့ မဟုတ်ပေမယ့် မပျော်ရွှင်စရာတာတွေလည်း ရှိခဲ့တယ်။ သူတို့က ကျွန်တော့်ကို ကစားခွင့်ရမှာ မဟုတ်ဘူးလို့ ဗြောင်ကျကျ ပြောခဲ့တယ်။ လူးဝစ် အန်နရီကေးနဲ့ ကမ်းပို့စ်တို့က ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာပါ။ ဒါကတော့ အမှန်တရားတွေပါပဲ။” လို့ ဘာပေက ဖွင့်ဟခဲ့ပါတယ်။