ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ အမ်ဘာပေက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မွန့်ပယ်လီယာ ၁-၃ ပီအက်စ်ဂျီပွဲမှာ ဒဏ်ရာရသွားတာကြောင့် ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲကို လွဲချော်သွားဖွယ် ရှိနေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြင်သစ် လီဂူးဝမ်း ပွဲစဉ်(၂၁) အဖြစ် မွန့်ပယ်လီယာနဲ့ ပီအက်စ်ဂျီတို့က မွန့်ပယ်လီယာရဲ့ အိမ်ကွင်း ဖြစ်တဲ့ မော့ဆန်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အမ်ဘာပေက မက်ဆီနဲ့ တွဲဖက်ကာ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခဲ့ပါတယ်။

Photo Credit: BBC

အဆိုပါပွဲမှာ ပီအက်စ်ဂျီက အိမ်ရှင် မွန့်ပယ်လီယာကို တပွဲလုံးနီးပါး တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့ပြီး ပွဲချိန် ၉မိနစ်မှာတင် ပီအက်စ်ဂျီဘက်က ပင်နယ်တီ ကန်သွင်းခဲ့ရပြီး အဆိုပါ ပင်နယ်တီကို အမ်ဘာပေက ၂ကြိမ်တိုင်တိုင် ကန်သွင်းခဲ့ရပေမယ့် သွင်းဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပါဘူး။

ပွဲချိန် ၂၁မိနစ်မှာတော့ အမ်ဘာပေက တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး အဆိုပါဒဏ်ရာကြောင့်ပဲ ပွဲကို ဆက်လက် ကစားနိုင်စွမ်း မရှိတော့တာကြောင့် အသင်းဖော် တိုက်စစ်မှူး အခီတီခီနဲ့ လူစားလဲခဲ့ရပါတယ်။ အမ်ဘာပေ ထွက်သွားခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ တိုက်စစ် စွမ်းဆောင်ရည်က ကျဆင်းသွားခြင်း မရှိပဲ ပွဲချိန် ၅၅မိနစ်မှာ ဖာဘီယန် ရုစ် ၊ ပွဲချိန် ၇၂မိနစ်မှာ မက်ဆီနဲ့ ပွဲချိန် ၉၂မိနစ်မှာ အမ်မရီတို့က ပီအက်စ်ဂျီ အတွက် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပြီး မွန့်ပယ်လီယာ အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲချိန် ၈၉မိနစ်မှာ နော်ဒင်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Goal

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipe သတင်းဌာနရဲ့ ဖော်ပြချက်အရ အမ်ဘာပေက တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး ပွဲပြီးဆုံးလို့ ပီအက်စ်ဂျီ အသင်းဖော်တွေနဲ့အတူ ကွင်းပြင်ကို ပြန်ထွက်လာချိန်မှာလည်း နာကျင်မှုကို ခံစားနေရတာ မြင်တွေ့ခဲ့ရကြောင်းနဲ့ အမ်ဘာပေဟာ ဘိုင်ယန်မြူးနစ်နဲ့ ပထမအကျော့ပွဲကို လွဲချော်သွားနိုင်ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့ပွဲကို ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာကတော့ အမ်ဘာပေရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာတခုသာ ဖြစ်ကြောင်း မွန့်ပယ်လီယာ ၁-၃ ပီအက်စ်ဂျီ ပွဲအပြီးမှာ ပြောကြားထားပါတယ်။