ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လတ်တလောမှာ အသင်းပြောင်းမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ပီအက်စ်ဂျီမှာ ကစားရတာ ပြန်အဆင်ပြေလာတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ စဉ်းစားနေကြောင်း ပြင်သစ်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်သူ ဖြစ်ပြီး ပီအက်စ်ဂျီက သူ့ကို ၂၀၁၈ခုနှစ်မှာ မိုနာကို ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း အထိ ပေးချေကာ ခေါ်ယူထားတာပါ။

Photo Credit: Goal

အမ်ဘာပေက မိုနာကိုမှာ စတင် တောက်ပခဲ့ပေမယ့် သူ့ရဲ့ အအောင်မြင်ဆုံးအချိန်နဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပီအက်စ်ဂျီမှာ ရရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ခြေစွမ်းနဲ့ ဦးဆောင်နိုင်စွမ်းကြောင့်ပဲ ပီအက်စ်ဂျီရဲ့ တာဝန်ရှိသူတွေက အမ်ဘာပေကို အသင်းခေါင်းဆောင် အဖြစ် ယုံယုံကြည်ကြည် ခန့်အပ်ခဲ့ကြတာပါ။

အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေပေမယ့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး စာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါနေပေမယ့် အမ်ဘာပေက အခုချိန်အထိ စာချုပ်သက်တမ်း ၁နှစ် ထပ်တိုးဖို့ကို သဘောမတူသေးပါဘူး။

Photo Credit: Forbes

အကယ်၍ အမ်ဘာပေကသာ ယခုနှစ် ဘောလုံးရာသီ ကုန်သည် အထိ စာချုပ်သက်တမ်း တိုးဖို့ သဘောမတူခဲ့ရင် သူက လာမယ့် နွေဈေးကွက်မှာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာ ဖြစ်ပြီး ပီအက်စ်ဂျီရဲ့ ဥက္ကဌဖြစ်သူ အယ် ခါလိုင်ဖီကတော့ အမ်ဘာပေကို အနည်းဆုံး ၁နှစ် စာချုပ် ထပ်ချုပ်ဖို့ ကြိုးစားနေပါတယ်။

နာမည်ကြီး ပြင်သစ်သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဥက္ကဌ အယ် ခါလိုင်ဖီနဲ့ အမ်ဘာပေတို့က ယခုလ အစပိုင်းမှာပဲ နှစ်ဦးထဲ တွေ့ဆုံကာ ၁နာရီကျော်ကြာ စကားပြောခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ဆွေးနွေးမှုတွေက အဆင်ပြေခဲ့တာကြောင့် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။