စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌ ဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ သူတို့အသင်းထံ ရောက်လာမယ်လို့ သတင်းကြီးခဲ့ပေမယ့် အဆုံးသတ်မှာ ပီအက်စ်ဂျီနဲ့သာ စာချုပ်သက်တမ်း တိုးလိုက်တဲ့ အမ်ဘာပေဟာ သူ့ရဲ့ လုပ်ရပ်အတွက် နောင်တရနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ယခုနှစ် နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာဖို့ အရမ်းကို နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ မြင့်မားတဲ့ လုပ်ခလစာနဲ့ လုပ်ပိုင်ခွင့်တွေ ပိုပေးတဲ့ လက်ရှိကလပ် ပီအက်စ်ဂျီနဲ့သာ စာချုပ်သစ် ချုပ်ဆိုသွားခဲ့ပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံး ကြိုးစားခဲ့ရတာကြောင့် အမ်ဘာပေရဲ့ နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ တနှစ်တာလုံး ကြိုးပမ်းခဲ့ရမှုတွေ အားလုံးကို သဲထဲရေသွန်သလို ဖြစ်သွားခဲ့စေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ပရိသတ် အများအပြားကလည်း သူတို့ကို လှည့်စားသွားတဲ့ အမ်ဘာပေကို အတော်လေး ဒေါသထွက်နေကြပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဥက္ကဌဖြစ်သူ ပီရက်ဇ်ကလည်း သူဟာ အမ်ဘာပေနဲ့ နေ့တိုင်းနီးပါး စကားပြောကာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းလာဖို့ နားချခဲ့ပေမယ့် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်သွားတာကြောင့် အတော်လေး ဒေါသထွက်ခဲ့ရကြောင်း ဝန်ခံခဲ့သလို အမ်ဘာပေဟာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး နောင်တရနေကြောင်းပါ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေ တယောက် ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းခဲ့ရတဲ့ အပေါ် ဘယ်လိုမျိုး ခံစားနေရလဲ ဆိုတာကို မေးခွန်းထုတ်ခံခဲ့ရချိန်မှာ ပီရက်ဇ်က – “အမ်ဘာပေဟာ အတော်လေး သနားစရာ ကောင်းပါတယ်။ အခုတော့ သူလည်း ကျွန်တော်တို့ဆီ မပြောင်းလာနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်နေပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။