ကလပ်အသင်းရဲ့ ကစားသမား အပြောင်းအရွေ့တွေအတွင်း စည်းမျဉ်းတွေ ချိုးဖောက်ထားမှုကြောင့် လက်ရှိ ရမှတ်ကနေ (၁၅)မှတ်ထိ လျှော့ချခံထားရတဲ့ ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြဖြစ်သူ မက်စ်အယ်လီဂရီက အခု သူတို့အသင်းရဲ့ အဓိက ဦးစားပေးက ရမှတ်(၄၀)ရအောင် စုဆောင်းန်ိုင်ဖို့နဲ့ စီးရီးအေကနေ တန်းမဆင်းသွားရဖို့ ဖြစ်နေတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Calcio Mercato

အခုလို ရမှတ်(၁၅)မှတ် လျှော့ချခံလိုက်ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ကနဦး အဆင့်ရပ်တည်ချက် (၃)ကနေ အဆင့်(၁၀)ဆင့်လောက် ကျဆင်းသွားခဲ့ရသလို လက်ရှိမှာလည်း တန်းဆင်းဇုန်ထဲက ဗီရိုနာအသင်းနဲ့ ရမှတ်(၉)မှတ်သာ ကွာဟလို့နေရပါတယ်။ အခုက ရာသီဝက်နီးပါးသာ ရှိသေးတယ် ဆိုပေမယ့်လည်း ဂျုဗင်တပ်စ်အနေနဲ့ (၁၅)မှတ်လျှော့ခံရပြီးကတည်းက စီးရီးအေမှာ (၂)ပွဲဆက်တိုက် ရလဒ်ဆိုးနေခဲ့ရတဲ့အပြင် ရမှတ်လည်း (၂၃)မှတ်သာ ရှိထားသေးတာကြောင့် ဒါက ဂျုဗင်တပ်စ်အတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Juventus FC

ဒီလို အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဂျုဗင်တပ်စ်နည်းပြ အယ်လီဂရီက “အခုလက်ရှိက ကျွန်တော်တို့အသင်းက ရမှတ် (၁၅)မှတ် လျှော့ချခံထားရပြီး ကျွန်တော်တို့အနေနဲ့ ရမှတ်(၄၀) စုဆောင်းနိုင်ဖို့ကို စဉ်းစားရပါလိမ့်မယ်။ ဒါက မျှော်လင့်ထားတဲ့ အရာကနေ ဆန့်ကျင့်ဘက်ကို ရောက်သွားသလိုပဲ။ ဒါကြောင့် ကျွန်တော်တို့က ပထမ ဦးစားပေးရမယ့် အရာကို တွေးတောသွားရမှာဖြစ်ပြီး ပြီးမှသာ တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားရပါမယ်။ ကျွန်တော်တို့အတွက် မှန်ကန်တဲ့ ချဉ်းကပ်မှုတွေနဲ့ အသင်းတွေကို ရင်ဆိုင်သွားဖို့ဆိုတာဟာ အရေးအကြီးဆုံးပါပဲ။ ဆလာနီတာနာနဲ့ပွဲက ခက်ခဲရှုပ်ထွေးနေပါလိမ့်မယ်။ သူတို့နဲ့ ကျွန်တော်တို့ တန်းတူအသင်းတွေပဲလို့ သတ်မှတ်ထားရပါမယ်။ သူတို့နည်းပြ နီကိုလာကလည်း တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်မှုကို လုပ်ဆောင်ထားပြီး လက်ချီနဲ့ပွဲမှာလည်း အရှုံးကနေ အနိုင်ရလဒ်ကို ဖော်ဆောင်ထားခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီနေ့ညမှာ ဂျုဗင်တပ်စ်အသင်း ရင်ဆိုင်သွားရမယ့် ဆလာနီတာနာအသင်းဟာ ဂျုဗင်တပ်စ်နဲ့ (၂)မှတ်အကွာမှာ ရပ်တည်နေတာ ဆိုပေမယ့် ဆာလနီတာနာက အိမ်ကွင်း(၄)ပွဲဆက် နိုင်ပွဲပျောက်ထားခဲ့တဲ့အပြင် ဂျုဗင်တပ်စ်အသင်းဘက်မှာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာပြီဖြစ်တဲ့ နောက်ခံလူ ဘနူချီနဲ့ ကွင်းလယ်လူ ပေါ့ဘာတို့ ဒီပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ပါ ရှိနေရပါတယ်။