ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့်က လာမယ့် နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးရဲ့ အဓိက ပြိုင်ဘက်အသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်း နာမည်ကြီး သတင်းထောက်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ မေဆန်မောင့်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီးရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၄ခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Mirror

မေဆန်မောင့်က ဗဟိုကွင်းလယ် ၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ ထိပ်တန်း ကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ လီဗာပူး စတဲ့ အင်္ဂလန် အသင်းကြီးတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ မေဆန်မောင့်ဟာ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိထားပေမယ့် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ ကစားချင်နေပြီး ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကသာ သူ့အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် ချက်ချင်းပဲ အသင်းပြောင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Photo Credit: Football Transfer

နောက်ထပ် နာမည်ကြီး တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း မေဆန်မောင့်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားချင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးက မေဆန်မောင့် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းကျော် လိုချင်နေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၀သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပြီး ချယ်လ်ဆီးက မေဆန်မောင့်အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လမ်းဖွင့်ထားပါတယ်။