နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ မာတီနက်ဇ်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ အပြိုင် ကမ်းလှမ်းမှုတွေကို ရရှိထားပေမယ့် အာဆင်နယ်ထက် သူ့ဆရာ တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကစားသမား မာတီနက်ဇ်က ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ နေရာစုံမှာ ကစားနိုင်တဲ့ အချက်ကြောင့်ပဲ ကွင်းလယ်ခံစစ်နဲ့ ဘယ်နောက်ခံ နေရာတွေကို ဖာထေးချင်နေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

Photo Credit: Team Talk

လက်ရှိမှာတော့ အာဆင်နယ်က မာတီနက်ဇ်ကို ခေါ်ယူဖို့ သွက်သွက်လက်လက် လှုပ်ရှားနေပြီး အေဂျက်ထံ မာတီနက်ဇ် အတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ စုစုပေါင်း ပေါင် ၄၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ထားပါတယ်။

တဖက်မှာ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဖရန်ကီ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကိုသာ အပြီးသတ်ဖို့ အာရုံစိုက် လုပ်ဆောင်နေပေမယ့် မာတီနက်ဇ်ရဲ့ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေပြီး ဖရန်ကီ ဒီဂျောင်နဲ့ မာလာစီယာ နှစ်ဦးစလုံးကို ခေါ်ယူပြီးတာနဲ့ မာတီနက်ဇ်ကို ပေါင် ၄၀သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့က ဆိုပါတယ်။

Photo Credit: Team Talk

အဲလက်စ် ခရော့ရဲ့ အဆိုအရ မာတီနက်ဇ်က အင်္ဂလန် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်တာကြောင့် အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်လာချိန်မှာ ဆရာရင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး မာတီနက်ဇ်က အေဂျက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရမယ့် အချိန်ကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။