နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ လီဆန်ဒရို မာတီနက်ဇ်က ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ အေဂျက်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုဖို့ ရှိနေကြောင်း နယ်သာလန် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ခံစစ်မှူး မာတီနက်ဇ်က ဗဟိုခံစစ် ၊ ဘယ်နောက်ခံနဲ့ ကွင်းလယ်ခံစစ် စတဲ့ နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားကောင်း တဦး ဖြစ်ပြီး ယခုအချိန်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က မာတီနက်ဇ် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြပြီး အေဂျက်ကတော့ နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေဟာ မာတီနက်ဇ် အတွက် သူတို့က သတ်မှတ်ထားတဲ့ တန်ကြေးကို မမှီသေးကြောင်းနဲ့ ကမ်းလှမ်းမှုတွေ တိုးမြှင့်ပေးမှသာ မာတီနက်ဇ်ကို ရောင်းချမယ်လို့ အကြောင်းပြန်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ မာတီနက်ဇ် အတွက် ကမ်းလှမ်းမှု နှစ်ခုထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုက ပိုကောင်းနေသလို မာတီနက်ဇ်ကလည်း ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားချင်နေတာကြောင့် အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ အေဂျက်ထံ တောင်းဆိုမယ်လို့ သိရပါတယ်။

Photo Credit: Standard

နာမည်ကြီး နယ်သာလန် သတင်းထောက် ဗာ့ချ်ဝင်ကလည်း မာတီနက်ဇ်ဟာ အာဆင်နယ်ကို ငြင်းပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်က မာတီနက်ဇ်အတွက် အေဂျက်ရဲ့ တောင်းဆိုမှု ဖြစ်တဲ့ ပေါင် ၄၃သန်းကို ပေးချေဖို့ စဉ်းစားနေကြောင်း ဆိုထားပါတယ်။