ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မာတင်ဘရိတ်ဝိတ်က သူ့အသင်းဖော်ဟောင်း အူစမန်ဒမ်ဘီလီက ဒီရာသီမှ အသင်းကို ရောက်လာပြီး သွင်းဂိုးတွေများစွာ သွင်းယူနေတဲ့ ရောဘတ်လီဝန်ဒေါစကီးထက် ပိုမို ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီနှစ် နွေဈေးကွက်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာရဲ့ ကတ်တလန်မြို့ခံကလပ် အက်စပန်ညိုအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရသူ ဒိန်းမတ်တိုက်စစ်ကစားသမား ဘရိတ်ဝိတ်က သူရဲ့အသင်းဖော်ဟောင်းဖြစ်သူ တောင်ပံတ်ိုက်စစ် ကစားသမား ဒမ်ဘီလီဟာ လက်ရှိ အသင်းမှာ ဂိုးမြူးနေတဲ့ ပိုလန်ဂိုးသွင်းစက် လီဝန်ဒေါစကီးထက်ကို ပိုအရည်အချင်းရှိသူဖြစ်ပြီး မှော်ဆန်ဆန် ကစားနိုင်သူလို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။ ဒမ်ဘီလီနဲ့ ပတ်သတ်ပြီး ဘရိတ်ဝိတ်က “သူက လီဝန်ဒေါစကီးထက် ပိုပြီး ခြားနားချက်တွေကို ဖန်တီးနိုင်ပါတယ်”

Photo Credit : Bola

“အူစမန်က အရမ်းတော်တဲ့ ကောင်လေးပါ။ သူ့ကို ကျွန်တော် အရမ်းသဘောကျတယ်။ သူ့မှာ ကြီးမားလွန်းတဲ့ အရည်အချင်းတွေ ရှိပါတယ်။ အဲ့ဒီလိုမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ မက်ဆီကတော့ အခြားအရာတစ်ခုပါ။ ဒါပေမယ့် ကျွန်တော် အူစမန်လို ကစားသမားမျိုးကို တစ်ခါမှ မမြင်ဖူးပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားသလို ဗစ်တိုးရီးယားပယ်လ်ဇန်နဲ့ ကစားခဲရတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဥ်မှာလည်း အသင်းအတွက် ဂိုးဖန်တီးမှု (၂)ကြိမ် လုပ်ဆောင်ထားခဲ့ပါသေးတယ်။ ဘာစီလိုနာကလည်း နွေဈေးကွက်ထဲမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တဲ့ ဒမ်ဘီလီကို (၂)နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားခဲ့ပါတယ်။