မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်က အသင်းရဲ့ နည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုနဲ့ ပတ်သတ်ပြီး မော်ရင်ဟိုက သူ့အပေါ် ဆက်ဆံမှုတွေနဲ့ ဆန်းချက်ဇ်ကို အသင်းဆီ ခေါ်ယူခဲ့မှုကြောင့် သူရုန်းကန်လာခဲ့ရတဲ့အကြောင်းတွေကို ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bleacher Report

အသက်(၂၆)နှစ်အရွယ် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကတည်းက မိုနာကိုကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကို ယူနိုက်တက် နည်းပြဟောင်းကြီး လူးဝစ်ဗန်ဟားက ခေါ်ယူခဲ့တာဖြစ်ကာ မာစီယဲလ်ကလည်း သူရဲ့ ယူနိုက်တက် ကစားသမားဘဝအစမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲပေမယ့် အသင်းကို မော်ရင်ဟို ကိုင်တွယ်ချိန် အထူးသဖြင့် အာဆင်နယ်ကနေ ဆန်းချက်ဇ်ကို ခေါ်ယူလိုက်ချိန်မှာ ပုံမှန်နေရာအတွက်ရော ပုံမှန်ခြေမျိုး ပြသဖို့အတွက်ပါ ရုန်းကန်ခဲ့ရတယ်လို့ မာစီယဲလ်က ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Active

မာစီယဲလ်က “ဘောလုံးရာသီရဲ့ ပထမပိုင်းမှာ ကျွန်တော်က အသင်းအတွက် အကောင်းဆုံး ဖြစ်ခဲ့တယ်။ အဲ့ဒီမှာပဲ သူ(မော်ရင်ဟို)က ဆန်းချက်ဇ်ကို ခေါ်ယူလိုက်တယ်။ ကျွန်တော်လည်း ကစားခွင့် မရတော့ဘူး။ အဲ့ဒီအချိန်တုန်းက ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့်နှစ် ဖြစ်နေတာကြောင့် ကျွန်တော့်အတွက် နစ်နာခဲ့ရတယ်။ အထူးသဖြင့်တော့ ပြင်သစ်အသင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တော့ ပိုဆိုးတယ်။ ကျွန်တော်လည်း အဲ့ဒီအသင်းနဲ့ အတူရှိနေရသင့်တာပါ” လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကျောနံပါတ် အပြောင်းအလဲနဲ့ ပတ်သက်ပြီးတော့လည်း မာင်္စီယဲလ်က “အားလပ်ရက်အတွင်းမှာ မော်ရင်ဟိုက ကျောနံပါတ်(၁၁) ပြောင်းလဲဝတ်ဆင်ချင်လားလို့ မေးထားတဲ့ စာတစ်စောင် ကျွန်တော့်ဆီ ပို့လိုက်ပါတယ်။ နောက်ပြီး ဒီနံပါတ်က ယူနိုက်တက်ရဲ့ legend ကြီး ရိုင်ယန်ဂစ် ဝတ်ဆင်ခဲ့တာဖြစ်လို့ အရမ်းဂုဏ်ယူရမယ့် နံပါတ်လို့ ရှင်းပြပါတယ်။ ကျွန်တော်ကလည်း ဂစ်ကို လေးစားမှု အပြည့်ရှိပေမယ့် လက်ရှိ ဝတ်ဆင်နေရတဲ့ ကျောနံပါတ်(၉)ကိုပဲ ဆက်လက် ဝတ်ဆင်ထားချင်ပါတယ်လို့ ပြောပြခဲ့ပါသေးတယ်။ ကျွန်တော် အသင်းကို ပြန်ရောက်ချိန်မှာတော့ ကျွန်တော်ရဲ့ ကျောနံပါတ်က (၁၁) ဖြစ်သွားခဲ့ပါပြီ။ မော်ရင်ဟိုက ကျွန်တော့်အပေါ်မှာ တိုက်ရိုက် လေးစားမှုတွေ ကင်းမဲ့ခဲ့တယ်” လို့ ပြစ်တင် ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မာစီယဲလ်က နောက်ထပ် နည်းပြဟောင်းဖြစ်သူ ဆိုးလ်ရှားကိုပါ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။