ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ မာကွင်ဟို့စ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒေါ့မွန်နဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ရှုံးထွက်အဆင့်ဆီ တက်နိုင်ဖို့ အတွက် အဝေးကွင်းမှာ ဒေါ့မွန်ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒေါ့မွန် ၊ အေစီမီလန် ၊ နယူးကာဆယ် စတဲ့ အသင်းကောင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး သူတို့တွေရဲ့ အုပ်စုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မရဏအုပ်စု အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီ ၊ ဒေါ့မွန် ၊ အေစီမီလန်နဲ့ နယူးကာဆယ်တို့က တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းချင်း သိပ်မကွာတာကြောင့် အခုချိန်အထိ အုပ်စုတက်ဖို့ သေချာနေတဲ့ အသင်းဟာ ဒေါ့မွန် တသင်းထဲသာ ရှိပြီး ပီအက်စ်ဂျီ ၊ အေစီမီလန်နဲ့ နယူးကာဆယ်တို့က အုပ်စုတက်ဖို့ အတွက် မျှော်လင့်ချက်တွေ အသီးသီး ရှိနေကြပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီက အုပ်စုပွဲ ၅ပွဲ အပြီးမှာ ရမှတ် ၇မှတ် စုဆောင်းထားနိုင်ပြီး အေစီမီလန်နဲ့ နယူးကာဆယ်တို့က ရမှတ် ၅မှတ်စီ အသီးသီး စုဆောင်းထားနိုင်တာကြောင့် ယနေ့ညမှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲမှာသာ ပီအက်စ်ဂျီက ဒေါ့မွန်ကို ရှုံးနိမ့်ပြီး အေစီမီလန်နဲ့ နယူးကာဆယ်တို့ နှစ်သင်းထဲက တသင်းဟာ အနိုင်ရခဲ့ရင် ပီအက်စ်ဂျီဟာ အုပ်စု တတိယနေရာကို ဆင်းပေးရမှာပါ။

Photo Credit: Bein Sports

ဒါကြောင့်ပဲ ပီအက်စ်ဂျီက အုပ်စုတက်ဖို့ အတွက် ဒီနေ့ညမှာ ဒေါ့မွန်ကို အနိုင် ကစားဖို့ လိုအပ်ပြီး ပီအက်စ်ဂျီ အသင်းခေါင်းဆောင် မာကွင်ဟို့စ်ကတော့ သူတို့အသင်းဟာ ဒေါ့မွန်ကို အနိုင်ရအောင် အရာအားလုံး ပေးဆပ် ကစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးလာပါတယ်။

မာကွင်ဟို့စ်က – “မနက်ဖြန်ပွဲမှာ ကျွန်တော်တို့က အရာအားလုံး ပေးဆပ် ကစားသွားပါမယ်။ ကျွန်တော်တို့က အဝေးကွင်းမှာ ရလဒ်ကောင်း တခု ရအောင် ကစားနိုင်ဖို့ အတွက် ပြင်ဆင်မှုတွေလည်း လုပ်ပြီးပါပြီ။ ကျွန်တော်တို့က ပြင်ဆင်မှုတွေ ကောင်းကောင်း လုပ်ထားနိုင်သလို ရှုံးထွက်အဆင့်ဆီ တက်နိုင်မယ့် အခွင့်အရေးကလည်း ကျွန်တော်တို့ရဲ့ လက်ထဲမှာ ရှိနေပြီးသားပါ။ ဒီပွဲက ကိုယ့်မှာ ရှိတဲ့ အရာအားလုံး ပေးဆပ် ကစားရမယ့် ပွဲစဉ်မျိုးပါ။ ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရဖို့ လိုအပ်ပြီး အနိုင်ရဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။